နိရဉ္စရာ၊ ဇန်နဝါရီ ၅/၂၀၂၄
ဧရာ၀တီတိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် အာရက္ခတပ်တပ်တော် ( AA)နှင့် တိုက်ရည်ခိုက်ရည် အတွေ့အကြုံများ ရရှိနေပြီဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့သည် ဇန်နဝါရီ ၃ ရက်နေ့ နံနက်က သာပေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ရခိုင်ရိုးမအဆင်း ဘောမိနောက်ကြော၊ သာပေါင်းနှင့် ဘောမိအကြား ဝါးရားချောင်းတွင် ဖြစ်ပွားခဲ့သည်ဟု သာပေါင်း ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ ဖြစ်တာက ဇန်နဝါရီ ၃ ရက် သောကြာနေ့ မနက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာက တရုတ်စက္ကူပျော့ဖတ် စက်ရုံနားလို့ သိရပါတယ်။ အဲဒီနေရာက သာပေါင်းနဲ့ ဘောမိအကြား ဝါးရားချောင်း ဧရိယာတဝိုက်မှ ဖြစ်တယ်လို့ သိရပါတယ်” ဟု ပြောသည်။
AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ရိုးမပေါ်က သာပေါင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး တရုတ် စက္ကူပျော့ဖတ်စက်ရုံကို ထိန်းချုပ်လိုသည့် သဘောဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကျဆုံးပြီး တချို့ စစ်သားများ ပျောက်ဆုံးနေသည်ဟု သိရသည်။
လက်ရှိ ဒေသအတွင်း ထွက်ပေါ်လာသော သတင်းများအရ AA၊ PDF နှင့် SAF ( ကျောင်းသား လက်ရုံးတပ်) ဖွဲ့များသည် ပင်လယ်ကမ်းနားရှိ မကျီးဇင်ကို ကျော်လွန်လာပြီး သာပေါင်းမြို့နယ်ထိ ထိုးဖောက်ဝင်လာပုံရသည်ဟု ဒေသအတွင်း စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
သာပေါင်းမြို့နယ်သည် ပုသိမ်ခရိုင်အတွင်းပါဝင်ပြီး သာပေါင်းမြို့နယ်ထဲကို AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်လာပါက ဧရာ၀တီတိုင်း ပုသိမ်မြို့ကို စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီး ပုသိမ် မြို့ပြင်ရှိ လမ်းများကို ဖြတ်တောက်ထားနိုင်ပါက ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာတို့မှာ အလိုအလျောက် တော်လှန်ရေးတပ်ဖွဲ့များလက်သို့ ကျရောက်သွားနိုင်သည်ဟု ဆိုသည်။
“ သာပေါင်းက လမ်းခွဲမြို့ဘဲ။ ပုသိမ်ကိုလည်း ရတယ်။ ငွေသောင်ယံကနေ ချောင်းသာဘက်ကို ဆင်းရင်လည်းရတယ်။ ရခိုင်ရိုးပေါ်က ပြန်တက်ရင်လည်း ရတယ်။ ပင်လယ်ကမ်းခြေတစ်လျှောက် ဆင်းချင်ရင်လည်းရတယ်။ စစ်ရေးအရ တော်လှန်ရေးတပ်ဖွဲ့တွေ အတွက် အရေးပါတဲ့မြို့ဖြစ်တယ်။ အခု သာပေါင်းမြို့နယ်ထဲကို အေအေနဲ့ PDFဝင်လာပြီဆိုရင်တော့ သူတို့ကို စကစ က သိပ်တားဆီးဖို့ မလွယ်နိုင်ဘူးထင်တယ်”ဟု ၎င်းက ပြောသည်။
ဧရာ၀တီတိုင်းတွက် တိုက်ရည်ခိုက်ရည် ကောင်းသော စစ်ကောင်စီ တပ်မ၊ တပ်ရင်းများမရှိသလို ရှိနေသော ဧရာ၀တီတိုင်း တပ်ရင်းများအထဲမှ ထုတ်နှုတ်အင်အားများကိုလည်း ရခိုင်ပြည်အတွင်းက အမ်း၊ တောင်ကုတ်နှင့် ဂွတိုက်ပွဲများတွင် အသုံးပြုခဲ့ရပြီး တပ်ရင်းအချို့မှာ အကျအဆုံးများဖြင့် တပ်ပျက်လုနီးပါး ဖြစ်သွားခဲ့ပြီဟု သိရသည်။
လက်ရှိတွင် ဧရာ၀တီတိုင်းရှိ တပ်ရင်းများတွင် ၄၅ ရက်စစ်သင်တန်းဆင်း ပြည်သူ့ စစ်မှုထမ်းများဖြင့် အင်အားဖြည့်တင်းထားရသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်လာပါက AA၏ ထိုးစစ်ကို ခုခံကာကွယ်ရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။
၎င်းပြင် အာရက္ခတပ်တော် ( AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဧရာ၀တီတိုင်းသို့ ထိုးစစ်ဆင်လာပါက ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာနှင့် မော်တင်တို့မှာ အလွယ်တကူ ကျရောက်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်ဟုလည်း ၎င်းက ဆက်လက် သုံးသပ်ပြောကြားသည်။
ဇန်နဝါရီ ၄ ရက်နေ့ အာရ်အက်ဖေ (မြန်မာပိုင်းအစီအစဉ်) က ထုတ်လွှင့်သွားသည့် သတင်းတစ်ပုဒ်တွင်လည်း ရခိုင် ရိုးမနှင့် နီးစပ်သည့် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့အနီးက ချောင်း၀ဂျိုင်၊ ပေါက်လှဂျိုင်၊ မကျီးဇင်စသည့် ကမ်းရိုးတန်းကျေးရွာများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းများကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်ဟု ဖော်ပြထားသည်။