နိရဉ္စရာ၊ ဇန်နဝါရီ ၆/၂၀၂၅
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ပင်လယ်ကမ်းခြေအနီးရှိ မကျီးဇင်ရွာမှ ဒေသခံများသည် အနီးအနားတွင် တိုက်ပွဲဖြစ်ပွားလာသည့်အပြင် စစ်ကောင်စီတပ်လည်း နောက်ဆုတ်သွားသဖြင့် နေရပ်ကိုစွန့်ခွာကာ ရွှေသောင်ယံကို အလုံးအရင်းဖြင့် ပြောင်းရွှေ့သွားခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
“ မနေ့က မနက်က စစ်တပ်က မကျီးဇင်ကနေ ကား ၃ စီးနဲ့ ရွှေသောင်ယံကို တပ်ဆုတ်လာတယ်။ မကျီးဇင်က ရွာသားတွေလည်း ရွှေသောင်ယံကို အလုံးအရင်းနဲ့ မနေ့က မနက်မှာ ပြောင်းရွှေ့လာကြတာကို တွေ့ရပါတယ်။ တိုက်ပွဲတွေက မကျီးဇင်ဘက်မှာ ဖြစ်နေတာတော့ရှိတယ်” ဟု ပြောသည်။
ယနေ့ ရရှိသော သတင်းများအရ စစ်ကောင်စီတပ်မှာ ရွှေသောင်ယံမြို့အပိုင် ချောင်း၀ချိုင် တောင်ကုန်းတွင် နေရာယူထားသည်ဟု သိရသည်။
“ စကစတပ်က ရွှေသောင်ယံမြို့အပိုင် ချောင်း၀ချိုင် တောင်ကုန်းမှာ နေရာယူထားတယ်။ ကျွန်တော်တို့ ကြားတာက အေအေနဲ့ PDF တပ်ဖွဲ့တွေက ပေါက်လှချိုင်ရွာထိ ရောက်လာပြီလို့ ကြားရတယ်။ အတိအကျတော့ မသိဘူး။ ကြားရတဲ့သတင်းပါ” ဟု ပြောသည်။
၎င်းပြင် ချောင်း၀ချိုင်တွင်နေရာယူထားသည့် စစ်ကောင်စီတပ်တွင်လည်း သဘောထား ကွဲလွဲမှုများရှိနေကာ အချင်းချင်းပစ်ခတ်မှုများရှိနေကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့ကြားတာက ချောင်း၀ချိုင်မှာရှိနေတဲ့ စစ်သားတွေအကြား တချို့က နောက်ဆုတ်မယ်။ တချို့က ဆက်တိုက်မယ်ဆိုပြီး သဘောထားကွဲနေတာတွေရှိတယ်လို့လည်းကြားရတယ်။ အချင်းချင်း ပစ်ခတ်မှုတောင်ရှိတယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။
စစ်ကောင်စီတပ်အတွင်း သဘောထားကွဲလွဲပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြောဆိုမှုနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။
ဂွနှင့် ငသိုင်းချောင်းအကြား ဗေဒါဂိတ်အနီးဝန်းကျင်တွင်လည်း AA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။