နိရဉ္စရာ၊ ဇန်နဝါရီ ၇/၂၀၂၅
ဇန်နဝါရီ၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင်ဖုန်းလာဆက်နေစဉ် စစ်ကောင်စီ ဗုံးကြဲ၍ သေဆုံးခဲ့ရသူ ၄ ဦးအထဲတွင် ကျောက်တော်မြို့နယ် ၀ကင်းကျေးရွာမှ မွတ်လဆင်သားမိနှစ်ဦးနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့ပါဝင်ရာ ၎င်းတို့အား အာရက္ခပြည်သူ့အစိုးရ တာဝန်ရှိသူများက ၎င်းတို့နေထိုင်ဂာ ကျေးရွာအထိ ကားများဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မျက်မြင်ဒေသခံတစ်ဦးက “သေဆုံးသွားတဲ့သူတွေက အင်ဇုံပြင်မှာ ဖုန်းလိုင်းမိလို့ ဖုန်းလာဆက် ကြတာပါ။ ရခိုင်မှာက ဖုန်းလိုင်းဖြတ်ထားတော့ လိုင်းမိတဲ့နေရာကို ခုလိုမျိုးဖုန်းလာဆက်ကြတာပါ။ ဒါကို စစ်ကောင်စီက ဗုံးလာကြဲတော့ ၄ ယောက်သေပြီး တချို့လည်း ဒဏ်ရာရသွားပါတယ်။ သေဆုံးသွားတဲ့ မွတ်ဆလင် ၃ ဦးကိုတော့ အာရက္ခအစိုးရ တာဝန်ရှိသူတွေက သူတို့နေထိုင်ရာ ကျေးရွာအထိ ကူညီပို့ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်”ဟု ပြောသည်။
သေဆုံးခဲ့ရသူ ၄ ဦးအထဲမှ ၃ ဦးမှာ ကျောက်တော်မြို့နယ် မြောက်ပိုင်း၀ကင်းမွတ်ဆလင်ကျေးရွာမှ ဒေါ်ဂျော်နာဘေလ်ခေါင်(၄၅)နှစ်နှင့်သားဖြစ်သူ ရာဟနော်ဒီလ်(၁၂)နှစ်နှင့် ဒေါ်မဂျော် (၄၅) နှစ်တို့ဖြစ်ကြသည်။
၎င်းပြင် ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာက သေဆုံးသွားခဲ့သည့် မဇင်မာခိုင် (၁၇) နှစ်(ဘ) ဦးလှဝင်း(မိ) ဒေါ်သန်းမြခင်၏ အလောင်းအားလည်း အာရက္ခပြည်သူ့အစိုးရ တာဝန်ရှိသူများက အင်ဇုံပြင်ကျေးရွာ သင်္ချိုင်းအထိ ကူညီ ပို့ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အင်ဇုံပြင်ကျေးရွာအနီးတွင် ဖုန်းလိုင်းရ၍ ဒေသခံပြည်သူများ စုဝေး ဖုန်းလာဆက်ကြစဉ် စစ်ကောင်စီလေတပ်က ရုတ်တရက် ဗုံးသုံးလုံး လာရောက်ကြဲချခဲ့သဖြင့် ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည် အနှံ့တွင် ဗုံးကြဲမှုများကို ပြုလုပ်နေရာ ပြီးခဲ့သည့်ဒီဇင်ဘာ၃၁ရက်နေ့ကလည်းအိမ်ခြေတစ်ထောင်ကျော်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကိုစစ်ကောင်စီကဗုံးကြဲခဲ့၍အမျိုးသမီး ၂ ဦးနှင့် အသက် ၉နှစ်အရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်၊ မြေပုံ မြို့နယ်၊ ကမ်းထောင်းကြီးမြို့ကိုဇန်နဝါရီ၃ ရက်နေ့ နံနက်အစောကြီးကစစ်ကောင်စီမှဗုံးလာကြဲ၍ ရွာသစ်ရပ်ကွက် ဒေါ်မသိန်းအသက် (၇၁)နှစ်သေဆုံးခဲ့ရသည်။