(ကုလားချောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်နောက်ဆုတ်သွား)
နိရဉ္စရာ၊ ဇန်နဝါရီ ၉/ ၂၀၂၅
အာရက္ခတပ်တော် ( AA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် ပင်လယ်ကမ်းရိုးတန်းအတိုင်း ပုသိမ်မြို့နယ်ထဲသို့ ထိုးစစ်ဆင်တိုက်ခိုက်နေရာက ယနေ့ညနေတွင် မကျီးဇင်တိုက်နယ်အဆင့် ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ မကျီးဇင်က ရွာကြီးပါ။ တိုက်နယ်ဆေးရုံလည်းရှိတယ်။ ဒီညနေ အေအေက သိမ်းပိုက်လိုက်ပါပြီ။ မကျည်းဇင်တံတားဖြတ်ရင်တော့ ဘောမိပါ။ စကစကလည်း ရွာစဉ် တစ်လျှောက် ခုခံပေမယ့် တစ်ရွာပြီး တစ်ရွာ နောက်ဆုတ်လာရတဲ့ အနေအထားကို တွေ့နေရပါတယ်” ဟု ပြောသည်။
မကျီးဇင် တံတားကို ကျော်လျှင် ဘောမိကို ရောက်မည်ဖြစ်ပြီး ဘောမိကို ကျော်လျှင် ရွှေသောင်ယံသို့ ရောက်ရှိမည်ဖြစ်သည်ဟု ဆိုသည်။
၎င်းပြင် ရွှေသောင်ယံမြို့ အပိုင် ကုလားချောင်းတွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကြည်းရေလေ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တိုက်ပွဲက ရွှေသောင်ယံမြို့အနီးက ကုလားချောင်းမှာ မနေ့က တိုက်ပွဲဖြစ်ပါတယ်။ စကစဘက်ကတော့ ကြည်းရေလေ ပူးပေါင်းပြီး ပစ်ကူပေးပါတယ်။ တိုက်ပွဲက အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ကုလားချောင်းကိုလည်း အေအေက သိမ်းသွားပြီ” ဟု ၎င်းက သတင်းရင်းမြစ်က ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည် ကုလားချောင်းကို သိမ်းပိုက်ရရှိသွားပြီးနောက် ပေါက်တူးကွင်း၊ သမ္မာန်ချိုင်၊ မကျီးဇင်တို့ကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးထိ အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်လာပြီး လက်ရှိတွင် ရွှေသောင်ယံ မြို့ အစ ကျောက်ချွန်၊ ချောင်း၀ချိုင်၊ အမော်ကြီး၊ ကုလားချောင်း၊ မကျီးဇင်စသည့် ကျေးရွာအများအပြားကို အေအေက သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ဆိုသည်။
မကျီးဇင် တံတားအလွန်တွင် ချိုင်လယ်၊ ဘောမိတို့ကို ရောက်ရှိမည်ဖြစ်ပြီး စစ်ကောင်စီက နေရာယူထားသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။