သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၁၀/၂၀၂၅
ရခိုင်ပြည်-မကွေးတိုင်းနယ်စပ်တွင်တည်ရှိသည့် ကံမြင့်ကန်နှင့် နတ်ရေကန်စခန်းများကို အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။
အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက " တောင်စောက်တောင်ကပြေးလာတဲ့ စစ်သားတွေအမ်းတိုက်ပွဲကပြေးလာတဲ့စစ်သားတွေကို AAက လိုက်တိုက်တာအခု ကံမြင့်ကန်ဂိတ်နဲ့ နတ်ရေကန်စခန်းအနီးအထိ တိုက်ပွဲကရောက်လာတယ်။အခု ကံမြင့်ကန် စခန်းတောင် ဒီနေ့ကျ၊ မနက်ဖြန်ကျ အဲသလို အခြေအနေမျိုး ဖြစ်နေတယ်လို့ သတင်းရပါတယ်” ဟု ပြောသည်။
ပဒါန်းတွင်အခြေစိုက်ထားသည့် စစ်ကောင်စီ အမြောက်ကြီးစခန်းမှလည်း ရိုးပေါ်တိုက်ပွဲဖြစ်သည့်နေရာများကို၁၂လုံးပစ် အတွဲလိုက်ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ကူပေးနေကြောင်းဒေသခံ ချင်းအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
" ပဒါန်းအမြောက်တပ်က ၁၂လုံးပစ်အမြောက်တွေနဲ့ တင့်ကားတွေပေါ်ကနေအတွဲလိုက်ပစ်နေတယ်။ လက်နက်တွေက ရိုးပေါ်အနီးအနားဝန်းကျင်ကိုကျရောက်ပေါက်ကွဲတာတွေရှိနေပါတယ်" ဟုပြောသည်။
၎င်းအပြင် တောင်စောက်အနီးအနားနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရိုးမပေါ်မှ နေရာများကိုလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲမှုများကို အဆက်မပြတ် ပြုလုပ်နေသည်ဟု ၎င်းက နိရဉ္စရာ ကိုပြောသည်။
" မနက်ကလည်းဂျက်နဲ့ လာပစ်တယ်။မနေ့ကညနေကလည်းဗုံးလာကြဲတယ်။ တရုတ်ပိုက်လိုင်းရှိတဲ့နေရာနား အထိကိုလာကြဲတာ။တရုတ်ဓာတ် ငွေ့ ပိုက်လိုင်းရှိတဲ့တောင်စောက်တောင်စခန်းအနီးဝန်းကျင်ကိုရောတိုက်ပွဲဖြစ်နေတဲ့ကံမြင့်ကန်၊ နတ်ရေကန် အနီးက ရိုးပေါ်နေရာတွေကိုရောဗုံးကြဲတိုက်ခိုက်နေတာ”ဟု ပြောဆိုသည်။
အမ်းမြို့နယ်ကံမြင့်ကန်ဂိတ်နှင့် မကွေးအစပ်နတ်ရေကန်စခန်းကြားတွင် မထုံဂိတ်၊ အောက်တုံးဂိတ်၊အထက်တုံးဂိတ်ငယ်များလည်းရှိပြီးလက်ရှိ အဆိုပါ နေရာများကို အေအေက သိမ်းပိုက်ထားပြီဟု သိရသည်။
ကံမြင်ကန်ဂိတ်တွင် စစ်အင်အား ၂၀၀ခန့်ရှိပြီး နတ်ရေကန်စခန်းမှာကံမြင့်ကန်စခန်းထက်ပိုကြီးပြီး
အမြောက်လက်နက်ကြီးများကိုလည်းအထိုင်ချထားကာငဖဲမြို့နယ်ဖက်မှ စစ်ကူအင်အားအများအပြားကိုလည်း အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းဘက်ခြမ်းတွင်လည်း စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းများကို ပြည်သူ့ ကာကွပ်ရေးတပ် (PDF)တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
အာရက္ခတပ်တော်သည် အမ်းရိုး ပေါ်ရှိ ပဲပဒုံ၊ပတ်ကွေ့၊ဆင်ခုံတိုင်၊ တောင်စောက်၊ အမြောက်ကြီးစခန်း၊ ငပြယ်စခန်း၊ကြက်ရေစမ်းဂိတ်၊ပိန်းရေစမ်းဂိတ်တို့ကိုလည်း သိမ်းပိုက်ထားပြီး ရိုးမပေါ်တွင်စစ်ကောင်စီကင်းစင်သွားရေးအတွက် ကံမြင့်ကန်ဂိတ်နှင့် နတ်ရေကန်ဂိတ်တို့ကိုအပြင်းအထန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။