(စစ်တပ်ကပေးချင်တဲ့မက်ဆေ့ကအကြောက်တရား၊ အာရက္ခတပ်တော်နဲ့ရခိုင်လူထုရသွားတာကခွန်အားနဲ့ နာကျည်းစိတ်)
လူထက်နိုင် (ဒွာရာမြီ)- နိရဉ္စရာ၊ ဇန်နဝါရီ ၁၃/ ၂၀၂၄
ရခိုင်ရှိ အရပ်ဘက်ပစ်မှတ်များကို စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲနေခြင်းကြောင့် အာရက္ခတပ်တော်(AA) ၏ ထိုးစစ်အရှိန်သည် ရပ်တန့်သွားရန်အခြေအနေမရှိဘဲ ပိုမို မြင့်တက်လာဖွယ်ရှိနေကြောင်း နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။
စစ်ကောင်စီမှဆက်တိုက်ဗုံးကြဲနေခြင်းကြောင့်AA စစ်ရေးသည် ဧရာ၀တီတိုင်းကိုသာမက မြန်မာနိုင်ငံ အလယ်ပိုင်းအထိပိုမိုကျယ်ပြန့်လာနိုင်ကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
“ဒီလုပ်ရပ်တွေကြောင့် စစ်ရေးပိုပြီးကျယ်ပြန့်လာလိမ့်မယ်။ ကျွန်တော်တို့မကွေးတိုင်း၊စစ်ကိုင်းတိုင်း ထဲကနေတဆင့်ပေါ့။ ကျွန်တော်တို့အလယ်ပိုင်းတိုင်းထဲအထိဝင်လာရင်တော့အရှက်ကွဲလိမ့်မယ်။ စစ်ရေးအခြေအနေကျယ်ပြန့်သွားဖို့ပဲရှိတယ်ဗျ။ စစ်တပ်ကပေးချင်တဲ့မက်ဆေ့ကအကြောက်တရား။အာရက္ခတပ်တော်နဲ့ရခိုင်လူထုရသွားတာကခွန်အားနဲ့ နာကျည်းစိတ်။ ပိုပြီး စစ်ပွဲတွေ ဖြစ်လာတဲ့ အနေအထားလို့ပြောရမှာပါ” ဟုပြောသည်။
ထိုသို့ဗုံးကြဲနေခြင်းကြောင့်အာရက္ခတပ်တော်မှကြောက်ရွံ့သွားမည်မဟုတ်ပဲခွန်အားပိုမိုဖြစ်စေမည်ဟုCDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြောဆိုသည်။
“ရခိုင်ကိုနေ့စဉ်ရက်ဆက်ပေါ့နော်။ ဗုံးကြဲမှုတွေဆက်တိုက်လုပ်နေတယ်။ အဲ့ဒါဟာ အာရက္ခတပ်တော် အနေမျိုးနဲ့ ကြောက်ရွံ့သွားမှာမဟုတ်ပဲနဲ့ပိုပြီးတော့မုန်းတီးစိတ်ဝင်သွားပြီးတော့ထပ်ပြီးခွန်အားဖြစ်ပြီးတော့ နောက်ထပ် ရှေးရခိုင်ဘုရင်တွေပိုင်တဲ့နယ်မြေတွေကိုပါ သိမ်းဖို့ခွန်အားဖြစ်လာမယ်လို့ကျွန်တော် မြင်တယ်”ဟုပြောသည်။
လက်ရှိ အာရက္ခတပ်တော် (AA)၏ ထိုးစစ်များမှာ စစ်ကောင်စီ၏ တုန့်ပြန်မှုအပေါ်တွင် မူတည်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။
“ ကျွန်တော်တို့ရဲ့ သဘောထားက အရင် မီဒီယာတွေကို ကျွန်တော်ပြောထားသလိုဘဲ။ ထိုးစစ်တွေ ရပ် မရပ်ကတော့ စစ်ကောင်စီရဲ့ တုန့်ပြန်မှုအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ ကြေညာချက် ထုတ်ထားတာရှိတယ်။ဒါပေမယ့် အကြမ်းဖက် စစ်ကောင်စီက ရခိုင်က အရပ်သားနေရာတွေကို ဆက်ပြီး ဗုံးကြဲနေတယ်ဆိုတော့ ဒါက သူတို့ရဲ့ သဘောထားဘယ်လိုရှိတယ်ဆိုတာကို မြင်တွေ့နေရတာဖြစ်ပါတယ်” ဟုပြောသည်။
စစ်ကောင်စီမှ ယခုလို ရခိုင်တွင်ဆက်တိုက် ဗုံးကြဲနေခြင်းများပြုလုပ်နေသော်လည်း AA ၏ စစ်ရေး ရည်မှန်းချက်ကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်းနှင့် နိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်က သုံးသပ် ပြောဆိုသည်။
“အေအေဟာနိုင်ငံရေး ပရိယာယ်ကြွယ်ဝစွာနဲ့ သူ့ရဲ့ စစ်ရေးဦးတည်ချက်တွေကို လက်တွေ့ အကောင် အထည်ဖော်နေတဲ့ အတွက် အေအေကို အဓိကချိုးနှိမ်ရမယ်ဆိုတဲ့စိတ်uစစ်ကောင်စီမှာ ပေါ်လာပုံ ရပါတယ်။ အဲ့ဒါကြောင့်ရခိုင်ဒေသကိုအထူးသဖြင့်ရခိုင်လူထုကိုဖိနှိပ်မှုတွေဗုံးကြဲတာတွေလေကြောင်းထိုးစစ်တွေအနံ့အပြားလုပ်လာတယ်။အဲ့ဒါဟာအေအေရဲ့ စစ်ရေးဦးတည်ချက်တွေ တိုးပွားလာတာနဲ့ အမျှပိုပိုပြီးပြင်းထန် များပြားလာနိုင်စရာ ရှိတယ်လို့ပဲ ပြောပါရစေ” ဟု ပြောသည်။
၎င်းပြင် AA တာဝန်ရှိသူများအနေဖြင့်လည်း လူထုထဲတွင် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သော တိုက်တွန်း နိုးဆော်ချက်များကို ပိုမိုလုပ်ဆောင်သင့်ကြောင်းလည်း သူက ပြောဆိုသည်။
အာရက္ခတပ်တော်သည် လက်ရှိတွင် ရခိုင်ပြည်နှင့် ဗမာပြည်အား ဆက်သွယ်ထားသည့် တောင်ကြားလမ်း ၃ ခုရှိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်ထားပြီး တချို့နေရာများတွင် ရခိုင်ပြည်နယ် နယ်နမိတ်ကို ကျော်လွန်ပြီး ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် နယ်မြေတချို့သို့ ရောက်ရှိလာကာ တိုက်ပွဲများလည်း ဆက်ဖြစ်နေသည်ဟု ဒေသခံစစ်ရေးရင်းမြစ်များက ပြောသည်။
၎င်းပြင် ရခိုင်ပြည်အတွင်းတွင်လည်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့ ၃ မြို့သာ ကျန်ရှိနေပြီး တစ်ဖက်နှင့် တစ်ဖက် စစ်ဆိုင်ထားသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော်နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ အနီးဝန်းကျင်ထိ ရောက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ တစ်ရွာပြီး တစ်ရွာ နောက်ဆုတ်ကာ ခုခံနေရသည့် ရွှေသောင်ယံဒေသခံများက ပြောသည်။
၎င်းပြင် ရိုးမအစပ်ရှိ ငသိုင်းချောင်း၊ ရေကြည်၊ သာပေါင်းမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်လျက်ရှိနေပြီး စစ်ကောင်စီသည် ပုသိမ်တွင် အကြီးစားခံစစ်ပြင်ဆင်နေသည်ဟု ဒေသအတွင်း သတင်းရင်းမြစ်များမှ တစ်ဆင့် သိရသည်။
“ ကျွန်တော်တို့ သိရသလောက် ပုသိမ်ကို လုံခြုံရေး တိုးမြှင့်သလို ခံစစ်အနေအထားကိုလည်း အကြီးစားပြင်ဆင်နေတယ်လို့ သိရတယ်။ ရိုးမနဲ့ ဆက်နေတဲ့ တစ်ခြားမြို့တွေထက် ပုသိမ်ကို အဓိက ပြင်ဆင်နေတာကိုတွေ့ရပါတယ်” ဟု ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တောင်ကုတ်- ပန်းတောင်း ရိုးလမ်းတွင်လည်း တောင်ပေါ်ကြီးစခန်းကျသွားပြီးနောက် ဧရာ၀တီအနောက်ဘက်ကမ်းတစ်လျှောက် တည်ဆောက်ထားသည့် စစ်လက်နက်ပစ္စည်းစက်ရုံများ တိုက်ခိုက်မခံရရန် အင်အားများအကြီးအကျယ် ဖြည့်တင်းနေသည်ဟု သိရသည်။
ထိုသို့ အင်အားဖြည့်တင်းရာတွင်လည်း ၄၅ ရက် စစ်သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများဖြင့် ဖြည့်တင်းနေခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ စစ်ရေးအခြေအနေများဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီသည် ရခိုင်ရှိ လူနေ ကျေးရွာ ရပ်ကွက်များအား တစ်ခုပြီး တစ်ခု ဆက်တိုက်ဗုံးကြဲနေသည်။
ထိုသို့ ဗုံးကြဲမှုကြောင့် ရမ်းဗြဲကျောက်နီမော်ကျေးရွာတွင် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီး ကျောက်တော်မြို့တွင်လည်း ၁၀ ဦးခန့် သေဆုံးခဲ့ရသည်။
စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုများသည်သူရဲဘောကြောင်သောလုပ်ရပ်ဖြစ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းအာရက္ခတပ်တော်AA ကထုတ်ပြန် ပြောဆိုထားသည်။