(ဒေသခံများအား မပြောင်းရွှေ့ရန် တားမြစ်ထားသော်လည်း စစ်ဘေးတိမ်းရှောင်သူများပြားနေ)
လူထက်နိုင်၊နိရဉ္စရာ၊ဇန်နဝါရီ၁၃/၂၀၂၅
လက်ရှိ တစ်ရက်နှစ်ရက်အတွင်း သေနတ်ငယ်သံများ မကြားရဘဲ ဧရာဝတီတိုင်းရွှေသောင်ယံမြို့ အနီးတွင် တိုက်ပွဲအေးနေသော်လည်း ရွှေသောင်ယံမြို့တွင် စစ်ကောင်စီစစ်ရေးပြင်ဆင်မှုအကြီးစားလုပ်ဆောင်နေပြီးအနီးအနားကျေးရွာများမှ ဒေသခံအများအပြားမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများကနိရဉ္စရာ သတင်းဌာနကို ပြောဆိုသည်။
မကျီးဇင်ကျေးရွာမှ ပြည်သူများအပါအဝင် မကျီးဇင်နှင့်ရွှေသောင်ယံမြို့ကြားရှိ ကျေးရွာများမှ ပြည်သူများသည်ပုသိမ်မြို့ပေါ်နှင့်ရန်ကုန်မြို့သို့ပြောင်းရွေ့စစ်ရှောင်နေရကြောင်းဒေသခံများကဆိုသည်။
ပုသိမ်မြို့ပေါ် စစ်ရှောင်နေသည့် ရွှေသောင်ယံဒေသခံတစ်ဦးက “မကျီးဇင်ရွာ၊ ဘောမိ ၊သဘောကန်၊ ငွေသောင်ယံ၊ ဂျိတ်လတ်၊ မီးလောင်ချိုင် စတဲ့ရွာတွေက ပြည်သူတွေ စစ်ရှောင်နေရတဲ့အပြင် ရွှေသောင်ယံ၊ ချောင်းသာက သူဌေးတွေ အခုရက်ပိုင်း ရန်ကုန်အထိပြေးကြပြီ၊ငွေမရှိတဲ့သူတွေကတော့ပုသိမ်မြို့ပေါ်နဲ့ကိုယ့်တိုင်းထဲမှာပဲ ရှောင်နိုင်သေးတယ်” ဟုပြောသည်။
ရွှေသောင်ယံမြို့အနီးအနားများမှ စစ်ဘေးရှောင်များသည် ဆွေမျိုးနေအိမ်များ ၊ဘုန်းကြီးကျောင်းတို့တွင် နေထိုင်ကြရပြီး အိမ်ငှားနေထိုင်ရခြင်းများလည်းရှိကြောင်းသိရသည်။
ထို့အပြင်ချောင်းသာမြို့နှင့်ရွှေသောင်ယံမြို့တို့မှာ ကျောင်းများနှင့် အစိုးရရုံးများ ပုံမှန်လည်ပတ်နေပြီး စစ်ကောင်စီ လက်အောက်ခံ၀န်ထမ်းမိသားစု၀င်များအားလည်း မပြောင်းရွှေ့ရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း သိရသည်။
ပုသိမ်ဒေသခံအမျိုးသားတစ်ဦးက“ ရွှေသောင်ယံနဲ့ချောင်းသာမှာခံစစ်ပြင်နေတော့ပြည်သူကလည်း မနေရဲဘူးလေ။ သူတို့စစ်တပ်ကလာပြီဆိုရွာတွေမြို့တွေမှာထင်သလိုလုပ်တာ။အစားအသောက် အနေအထိုင်ကအစ။ပြည်သူတွေဆီကဘဲ နည်းမျိုးစုံနဲ့ငွေညစ်တာအခုလည်းချောင်းသာနဲ့ပုသိမ်မှာစစ်ရှောင်တွေကိုစစ်တယ်ငွေညစ်တာတွေ လုပ်နေပြီ။စစ်ရှောင်တွေကလည်း များလာတယ်စနစ်တကျကူညီ တဲ့အဖွဲ့လည်းမရှိသေးတော့အရေအတွက်လဲခန့်မှန်းဖို့ခက်နေတယ်။ ကျွန်တော်ထင်တယ်ထောင်ဂဏန်းတော့ရှိလာပြီ”ဟုပြောသည်။
လက်ရှိတွင်ချောင်းသာမြို့ဘောလုံးကွင်းကိုရဟတ်ယာဉ်ဆင်းရန်အတွက်စစ်ကောင်စီမှအရေးပေါ် ပြင်ဆင်နေပြီးရွှေသောင်ယံမြို့တွင်လည်းဟောင်ဝှစ်ဆာအမြောက်များကိုတပ်ဆင်ထား၍တင်ကားများစွာလည်းသွားလာနေကြောင်းဒေသခံများကပြောဆိုကြသည်။
၎င်းပြင် စစ်ကောင်စီသည် ဝက်သေ၊ ပိုးလောင်း၊ ကျူတော၊ သပေါ့ကန်တို့တွင် တင့်ကားများချထားပြီး တပင်မှော်ရေတပ်ကို တိုက်ခိုက်မည်ကို စိုးရိမ်၍ ဝက်သေတွင် အင်အားအများအပြားဖြည့်တင်းထားသည်ဟု စစ်ဘက်သတင်းများအရ သိရသည်။
စစ်ကောင်စီတပ်သည်မကျီးဇင်ကျေးရွာကိုပြန်လည်ရရှိရေးအတွက်ကြည်း၊ရေ၊လေတပ်များဖြင့်ပြန်လည် ထိုးစစ်ဆင်နေပြီးအနီးရှိကျေးရွာများကိုလည်းလေကြောင်းမှဗုံးကြဲမှုများရှိနေသောကြောင့်ဒေသခံများပုသိမ်နှင့် သာပေါင်းမြို့များသို့ ဆက်တိုက် တိမ်းရှောင် နေကြကြောင်းသိရသည်။
ရွှေသောင်ယံမြို့နယ်အတွင်းရှိဝက်သေကျေးရွာတွင်မကျီးဇင်မှတပ်ဆုတ်လာသည့်စစ်ကောင်စီတပ်များအပြင်နောက်ထပ်စစ်ကောင်စီအင်အား၃၀၀ခန့်ကိုပါတိုးချဲ့ထားကြောင်းလည်းစစ်ရေးသတင်းအရင်းအမြစ်များ ထံမှသိရသည်။
စစ်ကောင်စီဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်လုံ/နယ်ဝန်ကြီးတို့သည်ဇန်နဝါရီ(၁၂)ရက်နံနက်ပိုင်းတွင်ချောင်းသာ၊ရွှေသောင်ယံဘက်သို့သွားရောက်ခဲ့ကြောင်းသိရသည်။