လူထက်နိုင်၊နိရဥ္စရာ၊ဇန်နဝါရီ၁၆/၂၀၂၅
ရခိုင်လူငယ်များကို ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာခွင့် မပြုသည့်အထိ စစ်ကောင်စီမှ လူမျိုးရေး ခွဲခြား အနိုင်ကျင့်မှုများကို လုပ်ဆောင်လာပြီး ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း ရခိုင်အသိုင်းအဝိုင်းများက ပြောကြားသည်။
ဇန်နဝါရီလအတွင်းရန်ကုန်မြို့မှပြည်ပနိုင်ငံတချို့သို့ထွက်ခွာမည့်ရခိုင်လူငယ်တချို့အားရခိုင်လားဟုမေးမြန်းကာ ပြည်ပထွက်ခွင့်မပြုပဲနိုင်ငံကူးလက်မှတ်များသိမ်းဆည်းကာအိမ်ပြန်လွှတ်ခဲ့ကြောင်းရခိုင်အသိုင်းအဝိုင်းထံမှသိရသည်။
ထို့အပြင်နောက်တစ်ကြိမ်ပြည်ပထွက်ရေးမကြိုးစားရန်နှင့်လေယာဉ်လက်မှတ်အပါအဝင်ကုန်ကျစရိတ်များဆုံးရှုံးလိမ့်မည်လေဆိပ်စစ်ဆေးရေးအဖွဲ့မျာကခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။
ရန်ကုန်တွင်နေထိုင်သောရခိုင်အမျိုးသားတစ်ဦးက“အခုက ရခိုင်ဆိုရင်သတိထားဖို့၊ ထူးခြားရင်သတင်းပို့ဖို့ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို သီးသန့်မှာထားတယ်။ ရခိုင်လူငယ်တွေကို လေဆိပ်ကနေ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မပေးတာ ဟုတ်တယ်။ သူတို့ပြန်ခိုင်းတာတွေရှိတယ်။ မဟုတ်ရင်ပတ်စ်ပို့သိမ်းတဲ့ အထိလုပ်မယ် ဆိုပြီးလေဆိပ်လဝကက ခြိမ်းခြောက်တာတွေရှိတယ်။ ဒါပေမယ့်လည်းဒါတွေက သတင်းတွေ ပွသွားရင်ပိုဆိုးလာမယ်။ နောက်တစ်ခုကမိသားစုတွေကိုပါ ဖမ်းတာတွေ ရှိလာနိုင်တယ်ဆိုပြီး မပြောမဆိုကြပဲ သတင်းတွေ ဖုံးဖိထားတာများလာတော့ အခုတော့တော်တော်ဆိုးလာလို့ပွင့်ထွက်လာကြတာ”ဟုပြောသည်။
ရန်ကုန်လေဆိပ်တွင်ပြည်ပနိုင်ငံများသို့PV နိုင်ငံကူးလက်မှတ်ဖြင့်အလည်အပတ်သွားရောက်မည့်ရခိုင် လူငယ်တချို့ပြည်ပထွက်ခွာခွင့်မရဟု သိရသည်။
ရန်ကုန်လေဆိပ်တွင်ရခိုင်လူငယ်များပြည်ပထွက်ခွာခွင့်မရဘဲပိတ်ပင်ခံထားရသကဲ့သို့ရန်ကုန်ရောက်ရခိုင်လူမျိုးတချို့လည်းဖမ်းဆီးခံရမှုများရှိနေသည်ဟု ဆိုသည်။
၎င်းပြင် စစ်ကောင်စီမှ ပြောဆိုသောလူမျိုးရေးအမုန်းစကားတချို့ ပျံ့နှံ့နေသဖြင့် ရန်ကုန်ရှိ ရခိုင်အသိုင်းအဝိုင်း ကြားတွင်စိုးရိမ်နေကြရသည်ဟု ၎င်းကပြောဆိုသည်။
ရန်ကုန်တိုင်းဒေသတွင်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ရခိုင်လူမျိုးများကိုအဓိကထားဖမ်းဆီးခြင်း၊စစ်ဆေးခြင်းများပြုလုပ်နေ၍စစ်ရှောင်များနှင့်ယခင်ရှိနေကြသည့်ရခိုင်လူမျိုးများမှာစိုးရိမ်မှုအလွန်မြင့်တက်နေကြသည်။
ရန်ကုန်တိုင်းမရမ်းကုန်း၊လှိုင်သာ၊ရွှေပြည်သာ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊မြောက်ဥက္ကလာစသည့်မြို့နယ်များနှင့်သာကေတမြို့နယ်များကရခိုင်လူငယ်တချို့ကိုစစ်ကောင်စီကဖမ်းဆီးထားခြင်းများရှိနေသည်ဟုလည်း သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။
ရခိုင်ပြည်အတွင်းတကျော့ပြန်တိုက်ပွဲစတင်ကတည်းကရခိုင်လူငယ်အများစုသည်ကျောင်းတက်ရန်နှင့်နိုင်ငံခြားထွက်အလုပ်လုပ်ရန်ရန်ကုန်မြို့သို့ရောက်ရှိနေကြပြီး တစ်ချို့မှာစစ်ရှောင်ရန်လာကြခြင်းဖြစ်ကြောင်းသိရသည်။
မရမ်းကုန်း၊လှိုင်သာယာ၊မြောက်ဥက္ကလာ၊သာကေတစသည့်မြို့နယ်များတွင်နေထိုင်သောရမ်းဗြဲမြို့နယ်နှင့်ကျောက်ဖြူမြို့နယ်၊သံတွဲ၊တောင်ကုတ်မြို့နယ်များကလူငယ်အများအားဖမ်းဆီးမှုများရှိနေသော်လည်းမိသားစုဝင်များမှထုတ်ဖော်မပြောဆိုရဲကြကြောင်းသိရသည်။
ဓာတ်ပုံ-Mizzima