Preview

စစ်တွေမြို့နယ်ဝါဘိုကျေးရွာကိုAA ထိန်းချုပ်လိုက်ကြောင်းသတင်းထွက်ပေါ်နေပြီးနောက်စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့

လူထက်နိုင် | ဇန်နဝါရီ ၁၆/ ၂၀၂၅ | ကြည့်ရှုသူ :3569
ရခိုင် သတင်း

လူထက်နိုင်၊နိရဥ္စာ၊ဇန်နဝါရီ၁၆/၂၀၂၅

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပြင်ရှိ ရခိုင်ရက္ကန်းလုပ်ငန်းဖြင့် ကျော်ကြားသည့် ဝါဘိုကျေးရွာကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်ကြောင်းသတင်းများထွက်ပေါ်နေပြီးနောက် စစ်ကောင်စီကဇန်နဝါရီလ၁၆ရက်နေ့တွင်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံတစ်ချို့ထံမှ သိရသည်။

ဝါဘို၊ညိုရောင်ချောင်း၊ကံ့ကော်ကျွန်းတို့တွင်စစ်ကောင်စီနှင့်အာရက္ခတပ်တော်ထိတွေ့ပစ်ခတ်မှုတချို့ရှိခဲ့ပြီး ဝါဘိုကျေးရွာရှိစစ်ကောင်စီ၏ ခံစစ်နေရာတချို့ကို အာရက္ခတပ်တော်မှထိန်းချုပ်လိုက်သည်ဆိုသော သတင်းကြောင့် ယနေ့ နံနက်၃နာရီခန့်ကဂျက်လေယာဉ်ဖြင့်၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ရေး သတင်းရင်းမြစ် တချို့ထံမှသိရသည်။

ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ဝါးဘို၊  ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းဘက်မှာ တိုက်ပွဲဖြစ်တာတွေရှိတယ်။ ပုဏ္ဏာကျွန်းနဲ့ စစ်တွေကြားကစပြီး တပ်ဖြန့်ပြီး ထိုးစစ်စနေတာပါ။ ဝါဘိုရွာက စစ်ကောင်စီခံစစ်နေရာ တချို့ကိုဒီနေ့ အေအေက ရထားတယ်လို့ သိရတယ်”ဟုပြောသည်။

စစ်တွေမြို့နယ်နှင့်ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာများတွင်စစ်ကောင်စီနှင့်အာရက္ခတပ်တော်တို့စစ်ရေးတင်းမာနေသည်မှာ လအနည်းငယ်ရှိပြီ ဖြစ်ကာ မကြာခဏပစ်ခတ်မှုများလည်း ရှိကြောင်း ဒေသခံများထံမှသိရသည်။

ယင်းအပြင်ယနေ့နံနက်ပိုင်းကစပြီးစစ်တွေမြို့ပေါ်ရှိအမှတ် (၁၂) ရဲတပ်ရင်းနှင့်ရွှေမင်းဂံဆိပ်ကမ်းရှိနေဗီတို့ကလည်း ဝါဘိုနှင့်အနီးတဝိုက်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်မှုရှိခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ်ဝါဘို၊ ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းနှင့်ပုဏ္ဏားကျွန်းမြို့နယ်ကွန်းတောင်၊စပါးထား၊အိုင်ဒင်စသည့်နယ်စပ်ကျေးရွာများမှဒေသခံများများဘေးလွတ်ရာသို့ထွက်ပြေးနေသဖြင့်လူနေထိုင်ခြင်း မရှိတော့သည်မှာကြာပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်လည်းစစ်တွေမြို့ ပြင်ဘက်တွင်  စစ်ကောင်စီနှင့်အာရက္ခတပ်တော်(AA)တို့နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခြင်းများရှိနေသဖြင့်စစ်တွေမြို့ခံများမှာလုံခြုံရေးစိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။

စစ်ကောင်စီသည်စစ်တွေမြို့အဝင်အထွက်နေရာများကိုပိတ်ဆို့ထားပြီးမြို့ပတ်လည်တွင်ထောင်နှင့်ချီသည့်မိုင်းများထောင်ထားပြီးရှုခင်းသာလမ်းများတွင်လည်းခြံစည်းရိုးများဖြင့်ကာရံထားသည်။

စစ်တွေသည်ရခိုင်ပြည်၏ မြို့တော်ဖြစ်ပြီး ရခိုင်မြောက်ပိုင်းတွင်တစ်ခုတည်းကျန်ရှိနေသေးသည့်စစ်ကောင်စီထိန်းချုပ်ဆဲမြို့တစ်ခုဖြစ်သည်။

အဆိုပါ သတင်းရင်းမြစ်က စစ်တွေကို ထိုးစစ်စနေပြီဟု ပြောသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် AA  ပြောခွင့်ရသူ ဦးခိုင်သုခအား မေးမြန်း၍ မရသေးသဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.