Preview

အမ်း-ပဒါန်းလမ်းရှိစစ်ကောင်စီစခန်းများအင်အားရာနှင့်ချီပြီးထပ်မံဖြည့်တင်းနေဟုဆို

သဉ္ဇာနွယ် | ဇန်နဝါရီ ၁၈/ ၂၀၂၅ | ကြည့်ရှုသူ :653
ရခိုင် သတင်း

Narinjara News၊ January 18/2025

ရခိုင်ပြည်၊ အမ်းမြို့နယ်-ငဖဲမြို့နယ်အကြား ပဒါန်းအတက်ရိုးပေါ်တွင် တည်ရှိသည့် စစ်ကောင်စီ စစ်စခန်းများကို အင်အားရာနှင့်ချီပြီးထပ်မံဖြည့်တင်းနေကြောင်း ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မင်းဘူးခရိုင်၊ ငဖဲမြို့အပိုင်၊ပဒါန်း-အမ်းကားလမ်း ရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းသည်အမ်းမြို့နယ်ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ပြီးနောက်ပိုင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခံနေသည့် စခန်းဖြစ်သည်။

၎င်းစခန်းသည် ရိုးမပေါ်တွင် အမြင့်ဆုံးနေရာ၌ တည်ရှိသဖြင့် စစ်ရေးအရ အလွန်အရေးပါသည့် နေရာဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ ဒီနတ်ရေကန်ဗျူဟာက အမ်းနဲ့ ပဒါန်းကားလမ်းပေါ်က အမြင့်ဆုံးနေရာမှာ တည်ရှိပါတယ်။ ယခင် ပဒါန်းနဲ့ အမ်းကားလမ်းဟောင်းမှာ တည်ရှိတယ်။ တောင်မြင့်တော့ မကြာခဏ ကားတွေ မတော်တဆ ဖြစ်တာကြောင့် နတ်ရေကန်ကို ရှောင်ကွင်းလမ်းဖောက်တော့ အခု လမ်းဟောင်း ဖြစ်သွားတာပေါ့။ အဲဒီနတ်ရေကန်တောင်က ဒီဘက်အမြင့်ဆုံးဆိုတော့ စစ်ရေးအရ အရေးပါတယ်။ ရိုးမအောက်ခြေရင်း ဧရာ၀တီမြစ် အနောက်ဘက်မှာ တည်ထားတဲ့ ကပစ စစ်ရုံတွေအတွက် ဒီဗျူဟာကျသွားရင် အခြေအနေမလှဖြစ်မှာကို ကြောက်ပြီး စကစက အင်အားအလုံးအရင်းနဲ့ ဖြည့်နေတာ” ဟု ပြောသည်။

blob

စစ်ကောင်စီသည်စစ်သားများ၊ လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို  မကွေးလေတပ်ဌာနချုပ်မှ တစ်ဆင့်ရဟတ်ယာဉ်များဖြင့်အင်အားဖြည့်သလို ငဖဲမြို့နှင့် ပဒါန်းအမြောက်တပ်၊ ပြင်ဝဂိတ်တို့မှခြေလျင်စစ်ကြောင်းများ၊စစ်ကားများဖြင့်လည်းအင်အားဖြည့်တင်းနေသည်ဟု၎င်းက ပြောဆိုသည်။


“အခု ကျွန်တော်တို့ ရတဲ့ သတင်းက စစ်သား  ၇၀၀ခန့်ထပ်မံဖြည့်တင်းထားတယ်လို့သိရပါတယ်။ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေများတယ်လို့ သိရပါတယ်။  အားလုံးကို မကွေးလေတပ်ဌာနချုပ်ကနေ တဆင့်ခံ အင်အားဖြည့်နေတာ။ သူတို့က မကွေးလေတပ်ကနေငဖဲကိုလာတယ်။အဲ့ ဒီကနေတဆင့် ရိုးပေါ်က နတ်ရေကန်ဗျူဟာစခန်းကြီးကိုခြေလျင်စစ်ကြောင်းလာတယ်။ တချို့ကို တော့ ရဟတ်ယာဉ်နဲ့ပို့တယ်။တချို့ကိုတော့ စစ်ကားတွေနဲ့ဖြည့်တယ်" ဟုပြောသည်။

စစ်ကူစစ်ကြောင်းတက်လာသည့် လမ်းတစ်လျှောက်တွင်စစ်ကောင်စီတပ်သားများမှာ AA နှင့်မဟာမိတ်အဖွဲ့များတိုက်ခိုက်မည်ကိုကြောက်၍ ဘေးပတ်ဝန်းကျင်အနီးအနားရိုးပေါ်ကကျေးရွာများ၊တောင်တန်းများကိုလက်နက်များဖြင့်ပစ်ခတ်သဖြင့် ဒေသခံများမှာရွာများက ထွက်ပြေးကာ စစ်ရှောင်နေကြရသည်ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

" အရင်ကစစ်ကြောင်းတက်ရင် လက်နက်ကြီးတွေဘာတွေ သိပ်မပစ်ဘူး။ အခုဆိုရင်အဝေးကိုလက်နက်ကြီးနဲ့ လှမ်းပစ်၊အနီးကိုလက်နက်ငယ်တွေ၊ မော်တာတွေနဲ့ လှမ်းပစ်တယ်။ ခြုံမြင်ရင်လည်း လှမ်းပစ်ပြီး တက်လာကြတာပါဘဲ"ဟုပြောသည်။

ရိုးလမ်းပေါ်ရှိစစ်ကောင်စီ၏ နတ်ရေကန်၊ကံမြင့်ကန်စခန်း၊ဂုတ်ကြီးစခန်းများသည်မကွေးတိုင်း အတွင်း တည်ရှိပြီး လက်ရှိ AA နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုဒေသခံများကထံမှတစ်ဆင့် သိရသည်။

အမ်း နပခဌာနချုပ်ကို ဦးဆောင်ခဲ့သည့် ဒုတိုင်းမှူးသောင်းထွန်းတို့ကို၂၀၂၄ဒီဇင်ဘာ၂၀ ရက်နေ့က  AAမှလက်ရဖမ်းဆီးသွားပြီးနောက် အမ်း-ငဖဲရှိ စစ်မျက်နှာကို ၂၀၂၅ခုနှစ် ဇန်နဝါရီလစ၍  စစ်ကောင်စီ ဒုတိယခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ကြီးကြပ်လမ်းညွှန်နေခြင်းဖြစ်ကြောင်း ၎င်းစစ်ရေးရင်းမြစ်များကပြောသည်။

ယခုကဲ့သို့အင်အားဖြည့်တင်းရာတွင်စစ်ရေးအတွေ့အကြုံလုံး၀မရှိသည့် ပြည်သူ့စစ်မှုထမ်းများစွာပါဝင်နေသဖြင့်အဆိုပါ နတ်ရေကန်ဗျူဟာကုန်းကို ရေရှည်ထိန်းထားရန် မလွယ်ကူနိုင်ဟု စစ်ရေးအခြေအနေကိုသိရှိသူများကနိရဉ္စရာကို ပြောသည်။ (ဓာတ်ပုံ- DVB and BBC)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.