Preview

AA နှင့်ပူးပေါင်းတပ်ဖွဲ့က ဧရာ၀တီတိုင်းမြို့တော် ပုသိမ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်သုံးသပ်

လူထက်နိုင် | ဇန်နဝါရီ ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :3820
ရခိုင် သတင်း

 နိရဥ္စရာ၊ ဇန်နဝါရီ ၂၂ /၂၀၂၅

လက်ရှိ အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ကမ်းရိုးတန်းကျေးရွာကြီးများဖြစ်ကြသည့် မကျီးဇင်၊ ဘောမိအပါအဝင် ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် ရွှေသောင်ယံနှင့် သာပေါင်းတို့ကို စစ်ရေးအရ ခြိမ်းခြောက်နေပြီဟု ဒေသအတွင်းက စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

ယခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း ဖြစ်ပွားနေခြင်း ဖြစ်ပြီး အာရက္ခတပ်တော်သည် ဧရာ၀တီတိုင်း ပုသိမ်မြို့ထိ တိုက်ခိုက်သိမ်းပိုက်နိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က နိရဉ္စရာသတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။

“အေအေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မော်တန်စွန်းအထိ အဲဒီကမ်းမြောင်ဒေသအထိ ရအောင် ကြိုးစားနေတယ်ပေါ့နော်။ ကြိုးစားနေတယ်ဆိုတော့ အာရက္ခတပ်တော်နဲ့ ဒေသခံပြည်သူတွေနဲ့ လုံးဝပေါင်းစပ်ပြီး တသွေးတသားတည်းဖြစ်သွားရင် ပုသိမ်ကိုရနိုင်တယ်။ ပြီးရင် ရန်ကုန်ကိုအထိ ခြိမ်းခြောက်လာနိုင်တယ်လို့ မြင်တယ်”ဟုပြောသည်။

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းက မကျီးဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့အားအာရက္ခတပ်တော်နှင့်တော်လှန်ရေးတပ်ဖွဲ့များကယခုရက်ပိုင်းသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ရာ  အချိန်တိုအတွင်း တိုက်ပွဲများမှာ ပုသိမ်မြို့နယ်အထိ ကျယ်ပြန့်လာနေပြီး မြို့တော်ပုသိမ်ကိုပါ စစ်ရေးအရှိန်ကရိုက်ခတ်မှု ရှိလာပြီဟု ဆိုသည်။

“မြေပြင်အနေအထား၊ ခရီးအကွာအဝေး အနေအထားအရဆိုရင်လည်း ရွှေသောင်ယံနဲ့ ပုသိမ်နဲ့ကတော့ မဝေးဘူးလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီက အင်အားစုဖွဲ့မှုတွေလုပ်နေတာမျိုးတော့ ရှိတယ်။ စစ်မျက်နှာ တစ်ခုအရတော့ ပုသိမ်ကို တိုက်နိုင်ပေမယ့်  အချိန်ယူရအုံးမယ်လို့တော့ မြင်ပါတယ်” ဟုဗိုလ်ကြီးဇင်ယော်က ပြောသည်။

အသေအပျောက်များခဲ့ပြီး လက်လွှတ်စွန့်ခွာခဲ့ရသည့် ဘောမိကို ပြန်ရရန် စစ်ကောင်စီက  အင်အား စုဖွဲ့နေတာမျိုးကိုလည်းမြင်တွေ့နေရသည်ဟု ဆိုသည်။

သို့သော်လည်း အင်အားချိနဲ့နေပြီဖြစ်သော စစ်ကောင်စီသည် ပင်လယ်ကမ်းခြေရှိ အေအေက သိမ်းပိုက်ထားသည့် နေရာများအား ပြန်လည် သိမ်းပိုက်ရန် မဖြစ်နိုင်တော့ကြောင်းနှင့် ပုသိမ်မြို့ကို မသိမ်းပိုက်ရန်အတွက်သာ ခုခံကာကွယ်ရတော့မည်ဖြစ်ကြောင်း၊ အကယ်၍ ပုသိမ်ကျသွားပါက  ရန်ကုန်မြို့ အထိပါ ခြိမ်းခြောက်နိုင်မည်ဖြစ်ကြောင်းလည်း CDMဗိုလ်ကြီးဇင်ယော်ကသုံးသပ် ပြောဆိုသည်။

“ ပုသိမ်အထိသာတော်လှန်ရေးအင်အားစုတွေနဲ့အေအေကရသွားရင် ရန်ကုန်အထိပါ ခြိမ်းခြောက်လို့ ရသွားပြီ။  ဟိုဘက်ကရင်နီကလည်းစစ်မျှားဦးလှည့်လာနိုင်တယ်။ စစ်ကြောင်းတွေလည်းရှိသွားပြီ။  ရန်ကုန်ပါထပ်ကျပြီဆိုရင်တော့ ကျွန်တော်တို့ ဟိုတချိန်တုန်းကပြောခဲ့သလိုပေါ့။ ရန်ကုန် အစိုးရဆိုတာ မျိုးထက် နေပြည်တော် အစိုးရဆိုတာမျိုးဖြစ်သွားနိုင်တယ်။ ရန်ကုန်အထိသာ ကျွန်တော်တို့က ခြိမ်းခြောက်နိုင်ပြီဆိုရင်လည်း ကျွန်တော်တို့က နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေဟာလည်း စိတ်ဓာတ် အလိုလို ကျသွားပြီးတော့ တကယ်တိုက်ရင် တကယ် လက်နက်ချသွားမယ့် အနေအထား ရောက်သွားမယ့် အခြေအနေဖြစ်ပါတယ်”ဟုပြောသည်။

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့နယ်ခွဲဘောမိကျေးရွာတိုက်ပွဲတွင်စစ်ကောင်စီ တပ်သားအများအပြားကျဆုံးကာတချို့ထွက်ပြေးခဲ့ရပြီးဒဏ်ရာရသူများကိုဇန်နဝါရီ (၁၈)ရက်နေ့ညပိုင်း၌ စက်လှေများဖြင့်  ချောင်းသာသို့ ပို့ဆောင်ကာ၊ ချောင်းသာမှ တစ်ဆင့် လူနာတင်ကားများ  (Ambulance)၊ ကုန်ကားများဖြင့်ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်( နတခ) လက်အောက်ခံ  မဆရ (၄)သို့ပို့ဆောင်ခဲ့ရကြောင်းလည်းနိရဉ္စရာ၏စစ်ရေး သတင်းအရင်းအမြစ်ကပြောဆိုထားသည်။

လက်ရှိ ဘောမိကျေးရွာနှင့် ရွှေသောင်ယံမြို့ကြားလမ်းတစ်လျှောက်ရှိ ကျေးရွာသားများမှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးသွားခဲ့ကြပြီး လူသူများခြောက်ကပ်လျှက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် ကုန်တင်ကားများ၊ စက်လှေများကို ချောဆွဲကာ သေဆုံး၊ ဒဏ်ရာရ စစ်သားများကို တင်ဆောင်ခြင်း၊  ရိက္ခာ၊လူ၊လက်နက်များကိုတိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးဝန်းကျင်သို့ ပို့ခိုင်းခြင်းများကို ပြုလုပ်နေသဖြင့်  ကုန်ကားမောင်းသူများနှင့်ကားစပါယ်ယာများမှာလည်းအသက်အန္တရာယ်အတွက်စိုးရိမ်ထိတ်လန့်နေကြကြောင်းဒေသခံများထံမှသိရသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့နှင့် မိုင်နှစ်ဆယ်ခန့် ကွာဝေးပြီး ကုန်းလမ်း၊ ရေးလမ်းနှစ်ခုစလုံးအသုံးပြုပြီးသွားလာ၍ရကြောင်းသိရသည်။

ထို့အပြင် ရွှေသောင်ယံမြို့သည်စစ်ကောင်စီ၏အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ရှိရာ ပုသိမ်မြို့နှင့် မိုင် ၄၀ ခန့်သာဝေးကြောင်းသိရသည်။

အာရက္ခတပ်တော်၏ ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင်ရက္ခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်ဟုဖော်ပြသည်။

၎င်းပြင် ရက္ခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော် တို့သည် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့သည်ဟုလည်းဖော်ပြထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.