သဉ္ဇာနွယ်- နိရဉ္စရာ၊ ဇန်နဝါရီ ၂၂/၂၀၂၅
တိုက်ပွဲများကြောင့် အသက်အန္တရာယ်ရှိ၍ ရိုးတောင်ကိုကျော်ပြီး မကွေးတိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့တွင် ထွက်ပြေး ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များအား တစ်ပတ်လျှင် တစ်ကြိမ်ကျစီ ဧည့်စာရင်း တိုင်ခိုင်းပြီး လူတစ်ဦးလျှင် ကျပ်နှစ်ထောင်ကျပ်စီ ကောက်ခံနေ၍ စစ်ဘေးရှောင်များ အထူးအခက်အခဲ ဖြစ်နေကြရသည်ဟု သိရသည်။
အမ်းမြို့ခံစစ်ရှောင်အမျိုးသမီးတစ်ဦးက " အရင်ကဆို ပေးရင်လည်းရတယ်။မပေးလည်းရတယ်။ အခုဆိုရင် တစ်ယောက်ကိုပိုက်ဆံနှစ်ထောင်စီကောက်တယ်။ မိသားစု ငါးယောက်ဆိုရင် တစ်သောင်း။ကလေးရော၊လူကြီးရောတစ်ယောက်ကိုနှစ်ထောင်ကျစီပေးရတယ်။တစ်ပတ်မှာတစ်ခါတိုင်ရတယ်။ မပေးလို့မရဘူး။ အစ်မတို့လို မိသားစု ၉ယောက်ဆိုရင်တွေးကြည့်ပေတော့၊စားစရာမရှိလျော်စရာရှိဆိုသလိုဖြစ်နေတယ် " ဟု နိရဉ္စရာကိုပြောသည်။
မင်းဘူးခရိုင်၊ငဖဲမြို့နယ်တွင်ပဒါန်းမြို့ တွင် ရခိုင်စစ်ဘေးရှောင်အများဆုံးနေထိုင်ကြပြီးစုစုပေါင်း လူဦးရေ၃၀၀၀ ခန့်ရှိကာ အများစုမှာ အမ်းဒေသခံများဖြစ်ကြသည်ဟုသိရသည်။
ယခုကဲ့သို့ ဧည့်စာရင်းတိုင်ရာတွင် စစ်ဘေးရှောင်တစ်ဦးကို ငွေ ၂ထောင်စီ ကောက်ခံနေခြင်းမှာ မည်သည့်အတွက်ကြောင့်ဆိုသည်ကိုလည်း ရှင်းပြမှုမရှိဘဲ မပေးမနေရ ကောက်ခံနေသည်ဟု ဆိုသည်။
စားဝတ်နေရေး အဆင်မပြေသည့်ကြားထဲ ဧည့်စာရင်းတိုင်ရာတွင်လည်း ငွေကုန်ကြေးကျများနေ၍ ကိုယ့်ရပ်ကိုယ်ဒေကို ပြန်မည်ဆိုလျှင်လည်းပြန်ခွင့်မပေးသည်သာမကပြန်လျှင်ဖမ်းဆီးမည်ဟုခြိမ်းခြောက်ခံနေရမှုများလည်းရှိနေသည်ဟုနောက်ထပ်အမ်းဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။
" ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်မယ်ဆိုရင်လည်းပြန်သွားခွင့်မပေးဘူး။ အထုတ်အပိုးတွေနဲ့ ထွက်သွားတာတွေ့တာနဲ့လမ်းမှာအဖမ်းခံရမယ်လို့ပြောတယ်။ အခု စားဝတ်နေရေးလည်းကျပ်တည်းတယ်။ဧည့်စာရင်းတိုင်ဖို့လည်း မတတ်နိုင်ဘူး။ ကိုယ့်အိမ်ကိုယ့်ယာမှာ ဖြစ်သလို အသီးအနှံတွေစိုက်စားရင်တောင် အဆင်ပြေမယ်။ပြန်ခွင့်လည်းမရဘူး" ဟုပြောသည်။
ပဒါန်းမြို့တွင် စစ်ဘေးရှောင်နေကြသည့်ရခိုင်ဒေသခံများမှာ တောင်စောက်၊ပတ်ကွေ့၊ကြက်ရေစမ်း၊ ပိန်းရေစမ်းစသည့်ကျေးရွာများမှ ဖြစ်ကြသည်ဟုသိရသည်။
၎င်းပြင်ရခိုင်ဒေသခံစစ်ဘေးရှောင် တချို့ မှာ ရိုးပေါ်တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ အမ်းမြို့နယ်ကိုပြန်သွား၍မရသလို ပဒါန်း-မင်းဘူးဖက်သို့လည်း စစ်ရှောင်၍မရဘဲ ရိုးမပေါ်တွင် ပိတ်မိနေကြသည်ဟုသိရသည်။