နောင်မင်းသူ- နိရဉ္စရာ၊ ဇန်နဝါရီ ၂၃ /၂၀၂၅
ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့၊ နခခ(၅)ရှေ့ရှိမြို့ဝင်လမ်းမကြီးတစ်လျှောက်အား အာရက္ခတပ်တော် (AA)က မိုင်းရှင်းရာတွင်မိုင်းအလုံးရေ ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်ဟုဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ဇန်နဝါရီလ ၂ ရက်မှစတင်ပြီး နခခ(၅)ရှေ့ရှိမြို့ဝင်လမ်းမကြီးတစ်လျှောက်အား AA က မိုင်းရှင်းလင်းခဲ့ခြင်းဖြစ်ပြီးနင်းမိုင်း၊ တိုက်မိုင်း၊ ရှော့တိုက်မိုင်းစသည်ဖြင့် စုစုပေါင်းမိုင်းအလုံးရေ ၁၀၀ ကျော်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်ရင်းမြစ်က ပြောသည်။
"နခခ(၅)ရှေ့က မြို့ဝင်လမ်းမကြီးတစ်လျှောက်ကို AA ဖက်က နေ့စဉ်မိုင်းလင်းနေတာတွေ့ရတယ်။လမ်းဘေး ဝဲယာတစ်လျှောက်က မိုင်းအားလုံးရေ ၁၀၀ ကျော်လောက် ရှင်းလင်းနိုင်ခဲ့ကြတယ်"ဟုပြောဆိုသည်။
blob
မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန် နခခ (၅)ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ရက်ပေါင်း ၅၅ ရက်အကြာ ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းနောက်ဇန်နဝါရီ ၁ ရက်တွင် စစ်ရှောင်များအား မြို့တွင်းသို့ ယာယီဝင်ခွင့်ပေးခဲ့ပြီးနောက်တစ်ရက်မှစတင်ကာ AA က မြို့ဝင်လမ်းတစ်လျှောက်မိုင်းရှင်းလင်းနေခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့တွင်းရှိ ရပ်ကွက်များတွင်လည်း မိုင်းရှင်းလင်းရေးပြုလုပ်ရန်လိုအပ်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
"မောင်တောမြို့တွင်က ရပ်ကွက်တွေကိုလည်း မိုင်းရှင်းရေးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ရပ်ကွက်တွေအားလုံးမှာ စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ကြတာ။ကျွန်တော်တို့နေထိုင်ခဲ့တဲ့ ရပ်ကွက်(၃)က ငါးဆောင်စုနဲ့ စံပြရွာကြားက မွတ်ဆလင်ရွာဟောင်းနေရာမှာစစ်တပ်က မိုင်းအလုံး ၃၀ လောက်ထောင်ထားခဲ့ကြတာ ကိုယ်တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့မြို့တွင်းမှာရှိခဲ့စဉ်ကအဲဒီနေရာကို နွားတွေဝင်လို့မိုင်း ၁၀ လုံးကျော်အထိ ပေါက်ကွဲခဲ့တယ်။နွားတွေသေခဲ့တာရှိသလို ခြေပြတ်ပြီး ထွက်ပြေးလာတာတွေလည်း တွေ့ခဲ့ရတယ်"ဟုပြောသည်။
မောင်တောမြို့ပေါ်ရပ်ကွက်များအားလုံးရှိစာသင်ကျောင်းများနှင့် ခိုင်မာသည့်တိုက်တာအဆောက်အအုံများတွင် စစ်ကောင်စီတပ်များစခန်းချနေထိုင်ခဲ့ကြ၍ စစ်ကြွင်းလက်ကျန်လက်နက်များနှင့် မိုင်းများရှင်းလင်းရန်လိုအပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၁ ရက်ကလည်း စစ်ကောင်စီအခြေချနေထိုင်ခဲ့သည့် မောင်တောမြို့ (၄)မိုင်ဝန်းကျင်နှင့် သစ်တောရွာအား AA က မိုင်းရှင်းရေးများပြုလုပ်ခဲ့သေးသည်။
ယင်းအချိန်ကလည်းရွာအဝင် ဆိုင်းဘုတ်လမ်းတစ်လျှောက် မိုင်း ၂၅ လုံး၊ လူနေအိမ်တစ်အိမ်တွင်မိုင်းတစ်လုံး၊ ဘုန်းတော်ကြီးကျောင်းရှေ့တွင် မိုင်း နှစ်လုံး၊ စုစုပေါင်းမိုင်း ၂၈ လုံး တွေ့ရှိခဲ့သည်။
ယင်းအနက် မိုင်း ၂၆ လုံးမှာ နင်းမိုင်း အမျိုးအစားဖြစ်ပြီး ထောင်မိုင်းတစ်လုံးနှင့် ရှော့တိုက်မိုင်းတစ်လုံး ပါဝင်သည်။
ဓာတ်ပုံ - ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက မောင်တောမြို့ (၄) မိုင်ဝန်းကျင်နှင့် သစ်တောရွာအား AA က မိုင်းရှင်းလင်းခဲ့စဥ်။ Photo - AA info