လူထက်နိုင်၊နိရဉ္စရာ၊ဇန်နဝါရီ၂၅/၂၀၂၅
စစ်မှုထမ်းအရေအတွက်တိုးခေါ်ရန်နိုင်ငံရေးပါတီကိုယ်စားလှယ်များကအကြမ်းဖက်စစ်ကောင်စီကိုတောင်းဆိုရာတွင်ရခိုင်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌဒေါက်တာအေးမောင်လည်းပါဝင်နေကြောင်း ဇန်နဝါရီ၂၅ရက်ထုတ်စစ်ကောင်စီသတင်းစာများတွင်ဖော်ပြထားချက်အရသိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဦးဆောင်သည့်စစ်ကောင်စီ၏အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကိုထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံပွဲကိုဇန်နဝါရီ၂၄ရက်၊နံနက်ပိုင်းတွင်နေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ကျင်းပရာနိုင်ငံရေး ပါတီ ကိုယ်စားလှယ်များအစုအဖွဲ့ကပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီး၊ရခိုင်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌဒေါက်တာအေးမောင်၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပြင်စစ်ဗိုလ်ချုပ်ဟောင်းများ၏ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်အချို့လည်းပါဝင်တက်ရောက်ခဲ့ကြသည်။
နှစ်ရက်ကြာကျင်းပသည့်ထိုဆွေးနွေးပွဲ၏ဒုတိယနေ့တွင်နိုင်ငံရေးပါတီကိုယ်စားလှယ်များကအချက်(၆)ချက်ကိုတင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါအချက်များမှာ(၁) ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကိစ္စ(၂) နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများကိစ္စ(၃) ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ (၄) လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များ၊ (၅) နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးကိစ္စရပ်များနှင့် (၆) ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်များ စသည်တို့ဖြစ်ကြသည်။
ဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိထားသည့် အချက်အချို့ကို လက်မှတ်ရေးထိုးရန်ရှိကြောင်းလည်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
“နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်အောင် ဆောင်ရွက်ဖို့ နိုင်ငံရေး အပေးအယူရှိဖို့လိုပါတယ်။ နိုင်ငံရေး သဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို အများကြီး ကြုံတွေ့ နေရပါပြီ။ ဒါကြောင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိအောင် အခြေခံဥပဒေရဲ့ တချို့ပုဒ်မတွေကို ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေပြီး နိုင်ငံရေး ပြေလည်မှု ရရှိအောင် လိုအပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်”ဟု ဒေါက်တာအေးမောင် ပြောဆိုသည်။
၎င်းပြင်“ ဒီနေ့ဆွေးနွေးပွဲမှာတော့ အရင်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ သဘောထားမတူညီရသေးတဲ့ အချက်တွေကို ပြန်လည်ညှိနှိုင်း ဆွေးနွေးကြပါ တယ်။ နောက်ပြီး သဘောတူညီမှုရရှိထားတဲ့အချက် တွေကိုလည်း လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ သဘော တူညီထားတဲ့ အချက်တွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခြေခံမူတွေ၊ ဥပဒေပြုရေးတွေ၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေး စသဖြင့် အားလုံး(၄၃)ချက် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီကဇန်နဝါရီ၂၃ရက်နေ့ကပြဋ္ဌာန်းလိုက်သည့်စစ်မှုထမ်းနည်းဥပဒေတွင်နိုင်ငံရေးပါတီဝင်ထားသူများလည်းစစ်မှုထမ်းရမည်ဟုဖော်ပြထားသည်။
အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီးအာဏာရှင်လက်သစ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က၂၀၂၄တွင်အတည်ပြုခဲ့သည့်စစ်မှုထမ်းဥပဒေတွင်သာမန် အရပ်သားများထဲမှ ၁၈နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းအမျိုးသမီးများကို နှစ်နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်ကြောင်းသိရသည်။
ဓာတ်ပုံ - MOI