ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၂၅/ ၂၀၂၅
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင်စစ်ဘေးရှောင်လာသည့် အမျိုးသမီးများအပါအဝင် ရခိုင်ဒေသခံ ကိုးဦးကိုစစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည့် သံသယဖြင့်ဖမ်းဆီးထားသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသည့်အမျိုးသမီးများအပါအဝင် ရခိုင်ဒေသခံ ကိုးဦးမှာ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့်အမ်းမြို့နယ်မှ စစ်ဘေးရှောင်လာကြသူများဖြစ်ကြပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးသုံးဦးတို့ဖြစ်သည်ဟု သိရသည်။
အဆိုပါဖမ်းဆီးခံရသူများမှာပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ်အချိန်က ဂွ-ငါးသိုင်းချောင်းအနီးတွင်အခြေစိုက်ထားသည့် အမြောက်တပ် ၃၄၄ မှ စစ်ကောင်စီတပ်သားများကဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။
"အဖမ်းခံရသူတွေက ရခိုင်ကနေစစ်ဘေးရှောင်လာကြတာပါ။ အမ်းမြို့နယ်က လေးယောက်နဲ့ ဂွမြို့နယ်က ငါးယောက်။အေအေနဲ့ဆက်စပ်တယ်ဆိုပြီး စစ်ဆေးနေရင်းကနေ သံသယနဲ့ ဖမ်းသွာတာပါ"ဟုဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါဖမ်းဆီးခံရသူများမှာ ရေကြည်မြို့နယ်ရှိ မြောက်စမ်းရွာ၌ လာရောက်စစ်ဘေးရှောင်လာကြသူများ ဖြစ်သည်ဟုလည်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်ထိသူတို့နှင့် အဆက်အသွယ်မရဘဲ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများက ပြောသည်။
ယင်းအပြင် အာရက္ခတပ်တော်(AA)၏ဧရာဝတီတိုင်း ထိုးစစ်ကြောင့် ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့တွင်စစ်ဘေးရှောင်နေကြသည့် ရခိုင်မှဒေသခံပြည်သူ ၅၀ ကျော်ခန့်ကိုလည်း စစ်ကောင်စီကဇန်နဝါရီလအတွင်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
ထို့အတူ စစ်ကောင်စီက ညအချိန်ဧည့်စာရင်းဝင်ရောက်စစ်ခြင်းများ၊ ဖမ်းဆီးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်နေ၍ စိုးရိမ်နေကြရသည်ဟု စစ်ရှောင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငရုတ်ကောင်းမြို့အနီးတွင်ရခိုင်မှစစ်ဘေးရှောင်လာသည့် ဒေသခံ၂၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ဧရာဝတီတိုင်းတွင် ရခိုင်မှစစ်ဘေးရှောင် ဒုက္ခသည် ၇၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်းရခိုင်စစ်ဘေးရှောင်များက ခန့်မှန်းပြောဆိုကြသည်။
Photo - Internet