သဉ္ဇာနွယ်- နိရဉ္စရာ၊ ဇန်နဝါရီ ၂၆/၂၀၂၅
ရခိုင်ပြည်၊အမ်းမြို့နယ် တရုတ်ပိုက်လိုင်းကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ ကံမြင့်ကန်စခန်းကိုသိမ်းပိုက်ပြီးနောက် နောက်ထပ်စစ်ကောင်စီ၏ ဗျူဟာကုန်းနတ်ရေကန်ဂိတ်တွင် တိုက်ပွဲပြင်းနေကြောင်း သတင်းရရှိသည်။
အမ်းမြို့နှင့်မိုင် ၅၀ ကျော် ကွာဝေးသည့် ရိုးပေါ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းစခန်းကို ဇန်နဝါရီ ၂၄ ရက်မှစ၍ AAဦးဆောင်သည့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ကစတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲမှာ အရှိန်အဟုန်ပြင်းနေသည်ဟု ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
" ကံမြင်ကန်စခန်းကိုသိမ်းပြီး နောက် ၂ရက် လောက်အကြာမှာ နတ်ရေကန်မှာထိုးစစ်စပါတယ်။ AAနဲ့ပူး ပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်နေတာပါ။တိုက်ပွဲက အရှိန်အဟုန်ပြင်းနေပါတယ်။ စစ်ကောင်စီဖက်ကလည်း မလျော့၊တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကလည်း မလျော့ပါဘူး" ဟု ပြောသည်။
တိုက်ပွဲဖြစ်နေသည့် နေရာအနီးအနားဝန်းကျင်ကို ဂုတ်ကြီး၊စွန်တက်၊ဆုံကုန်းအမြောက်ဗျူဟာများမှ လက်နက်ကြီးပစ်ကူများပစ်ကူလျက်ရှိပြီး လေကြောင်းကနေပါ ဗုံးကြဲသဖြင့် တိုက်ပွဲမှာ ပြင်းထန်သည့်အခြေအနေရှိနေသည်ဟု ၎င်းက ပြောသည်။
" တိုက်ပွဲအခြေအနေက အတိုးအဆုတ်ရှိတယ်။သူတို့စစ်ကောင်စီဖက်က စစ်ကူအင်အားလည်း အတော်များတယ်။ နတ်ရေကန်စခန်းမှာလည်းအင်အားအများကြီးရှိတယ်" ဟု ပြောသည်။
နတ်ရေကန်ဗျူဟာစခန်းတိုက်ပွဲသို့ပဒါန်းမြို့အမြောက်တပ် (၅၀၉)မှ စစ်ကားများဖြင့် စစ်အင်အားနှင့်လက်နက်အင်အားအများအပြား ဖြည့်တင်းရန် စေလွတ်ထားကြောင်း သိရသည်။
ပဒါန်းမြို့၏ ပြင်ဝဂိတ်ကို စစ်ကောင်စီမှပိတ်ထားသဖြင့်ရိုးပေါ်တွင် ပိတ်မိနေသည့် ကျေးရွာသားများမှာလည်း ရိုးထက်ကိုပြန်တက်ပြီး ဘေးလွတ်ရာနေရာသို့ရှောင်တိမ်းနေရကြောင်း ဒေသခံများကပြောသည်။
နတ်ရေကန်ဗျူဟာစခန်းသည် အမ်းမြို့နှင့်မိုင် ၅၀ ကျော်ကွာဝေးပြီးပဒါန်းမြို့နှင့် ၂၅မိုင်ခန့်ကွာဝေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်က AA သိမ်းပိုကိထားသည့် ကံမြင့်ကန်ဗျူဟာစခန်းဂိတ်မှာလည်း အမ်းမြို့နှင့် ၄၈မိုင်ခန့်ကွာဝေးကြောင်းသိရသည်။
စစ်ကောင်စီဖက်မှလည်း AAသိမ်းပိုက်ထားသည့် အရေးပါသည့် တရုတ်ပိုက်လိုင်းနှင့်ပက်သက်သည့် စခန်းဂိတ်များကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကူလက်နက်အင်အားအများအပြားဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။