(ဝန်ထမ်းနှင့်မိသားစုများအပါအဝင် ဒေသခံများကို စစ်မှုထမ်းရန် စစ်ကောင်စီစီစဉ်နေ)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/၂၀၂၅
ရခိုင်ပြည်၊စစ်တွေမြို့တွင် စစ်ကောင်စီ၏ဌာနဆိုင်ရာ ရုံးဝန်ထမ်းများစစ်သင်တန်းတက်ရမည်ဟု သတင်းများဖြစ်ပေါ်နေသဖြင့် စိုးရိမ်မှုများရှိနေကြသလို ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုအပါအဝင်မြို့တွင်းရှိ ဒေသခံများကို စစ်မှုထမ်းရန် စစ်ကောင်စီစည်းရုံးနေကြောင်းသတင်းရရှိသည်။
ပညာရေးဝန်ထမ်းများအမျိုးသမီးများအပါအဝင်တခြားဌာနဆိုင်ရာ ရုံးပိုင်းဆိုင်ရာဝန်ထမ်း များလည်း စစ်သင်တန်းတက်ရမည့်သတင်းများထွက်ပေါ်နေသဖြင့် စိုးရိမ်မှုမြင့်တက်နေရသည်ဟု စစ်တွေမြို့မှဝန်ထမ်းမိသားစုဝင် အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အရွယ်ရှိတဲ့အသက် ၂၀ ကျော် ၃ဝ အဲ့လိုအရွယ်ဝန်ထမ်းတွေကိုလည်း စစ်သင်တန်းတက်ရမယ်ဆိုပြီးသတင်းထွက်နေလို့ အရမ်းစိုးရိမ်နေရတယ်။ မိန်းကလေးရော၊ ယောကျာ်းလေးရောစစ်မှုထမ်းဥပဒေမှာ သတ်မှတ်ထားတဲ့ အသက်အရွယ်ဆိုရင် အကုန်ပါမယ်ကြားတယ်။ဝန်ထမ်းတွေကို ဘယ်မှသွားခွင့်မပေးဘူး။ ရန်ကုန်ကိုလည်းမသွားရဘူး" ဟုပြောသည်။
စစ်တွေမြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ဘေးရှောင်ခွင့်မပြုသည့်အပြင် စစ်မှုထမ်းခိုင်းမည်ဆိုသည့်သတင်းကြောင့် စိုးရိမ်ကြောင့်ကြနေကြကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းများက ပြောသည်။
၎င်းပြင် စစ်တွေမြို့နယ်တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးဝန်ထမ်းနှင့် မိသားစု၊ မြို့တွင်းဒေသခံများပါမကျန် စစ်မှုထမ်းရန်သက်ဆိုင်ရာ စစ်ကောင်စီခန့် ထွေအုပ်မှတဆင့် အုပ်ချုပ်ရေးမှူးများကရပ်ကွက်အလိုက် စည်းရုံးနေသည်ဟု မြို့ခံ ဝန်ထမ်းများနှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ဝန်ထမ်းမိသားစုကိုကျတော့ဒီရက်ပိုင်းအတွင်းမှာပဲ စည်းရုံးနေတာ။ ထွေအုပ်က စာရင်းအတိအကျသိတယ်လေ။သူတို့မိသားစုတွေအထဲက အရွယ်ရောက်ပြီးသားသူတွေကို စစ်မှုထမ်းရမယ်ပြောတယ်။ဒေသခံတွေကိုတော့ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဆွယ်ခိုင်းတယ်လေ" ဟုပြောသည်။
လက်ရှိစစ်တွေမြို့တွင် လေကြောင်းလိုင်းမှလွဲ၍ ထွက်ပေါက်အားလုံးကို စစ်ကောင်စီကပိတ်ပင်ထားပြီး ဒေသခံများ၏သွားလာလှုပ်ရှားမှုကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေသည်ဟု မြို့ခံများက ပြောသည်။
ယခုဌာနဆိုင်ရာဝန်ထမ်းများအား စစ်မှုထမ်းခိုင်းမည့်သတင်းနှင့်ပက်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို နိရဉ္စရာက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ်မရရှိသဖြင့် စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို မရရှိခဲ့ပါ။
မြန်မာနိုင်ငံတွင်အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အရွယ်ရောက်ပြီးသူများအပါအဝင်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non- CDM များလည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပါဝင်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့၌စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယခုထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီလက်အောက်တွင်အလုပ်လုပ်နေကြသည့် Non-CDM ဝန်ထမ်းများမှာလည်း စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီအခမ်းအနားတစ်ခုအားတွေ့ရစဥ်။ (ပုံဟောင်း)/MOI