Preview

အမ်းရိုးပေါ်မှ နတ်ရေကန်ဗျူဟာစခန်းတွင်ဆက်လက်တိုက်ပွဲပြင်းထန်နေ

သဉ္ဇာနွယ် | ဇန်နဝါရီ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :1608
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၂၈/၂၀၂၅

ရခိုင်ပြည်၊အမ်းရိုးမပေါ်မှ နတ်ရေကန်ဗျူဟာစခန်းကိုအာရက္ခတပ်တော် ( AA) က တိုက်ခိုက်နေပြီးစစ်ကောင်စီကစစ်ကြောင်းများဖြင့်ထပ်မံအင်အားများဖြည့်ကာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရာမှတိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

အမ်းရိုးမပေါ်မှ နတ်ရေကန်ဗျူဟာစခန်းတိုက်ပွဲတွင် မကွေးဘက်မှ တပ်မ (၉၉)စစ်ကြောင်းများ ထပ်မံစစ်ကူဖြည့်ကာ ထိုးစစ်ဆင်နေသဖြင့်တိုက်ပွဲပြင်းနေသည်ဟု အမ်းဒေသခံ စစ် ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"နတ်ရေကန်ဗျူဟာက ကြီးတယ်။ အင်အားတွေလည်း များတယ်။ သူတို့ကလွယ်လွယ်အကျမခံချင်တော့ အင်အားတွေက နေ့တိုင်းလိုလို မကွေးဖက်ကပို့နေတာရှိတယ်။မနေ့ကညဖက်ကဆိုရင်လည်း စစ်ကြောင်းနှစ်ကြောင်း ထိုးတက်သွားတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာကို သူတို့စစ်အင်အားနဲ့ ထိုးစစ်ဆင်နေတယ်" ဟု ပြောသည်။

ပဒါန်းအမြောက်ကြီးတပ်ဖြစ်သည့်အမတ(၉၀၅)မှ တိုက်ပွဲဖြစ်နေသည့် နေရာအနီးတဝိုက် တောင်တန်းများကိုလက်နက်ကြီးကျည်များဖြင့် ပစ်ခတ်သဖြင့် ငဖဲမြို့နယ်၊ ပဒါန်းမြို့နယ်မှကျောင်းကုန်းနှင့် ပန်ဆုံကျေးရွာအနီးအနားသို့ ကျည်များကျရောက်မှုရှိနေ၍ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပဒါန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"နတ်ရေကန်တိုက်ပွဲဖက်ကိုပစ်တာအဓိက။အဲ့ဒါကြောင့် လက်နက်ကျည်တွေက နတ်ရေကန်နဲ့ ပဒါန်းကြားကရွာတွေကိုလက်နက်ကျည်စကျတာပါ။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်နေကတည်းကထွက်ပြေးနေကြတာတွေရှိတယ်" ဟု ပြောသည်။

နတ်ရေကန်ဗျူဟာစခန်းသည် အမ်းမြို့နှင့် မိုင် ၅၀ ကျော်ကွာဝေးပြီး ပဒါန်းမြို့နှင့်  ၂၅ မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

လက်ရှိမကွေးတိုင်းဒေသကြီးမှ စစ်ကူပို့သည့် စစ်ကောင်စီ စစ်ကား ၁၅ စီးခန့်ထဲမှစစ်ကားတချို့မှာ ပဒါန်း သို့မရောက်ခင် ငဖဲမြို့ ကပစ အထဲသို့အင်အားချထားခဲ့ပြီး နောက်ထပ် စစ်ကားများမှာ ပဒါန်းမြို့ရှိ ပြင်ဝဂိတ်တွင်အင်အားဖြည့်ကာ ယင်းမှတဆင့် နယ်မြေခံစစ်သားများနှင့်အတူနတ်ရေကန်စခန်းဗျူဟာတိုက်ပွဲသို့ စစ်ကြောင်းထိုးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အာရက္ခတပ်တော်(AA)သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အမ်း-ပဒါန်း ကားလမ်းမ‌ပေါ်တွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲမှာ ဆက်လက်ရှိနေသေးသည်ဟု သိရသည်။

ဇန်နဝါရီ၂၇ ရက်ကလည်း ၎င်းလမ်းပေါ်မှ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ဂုတ်စီးရိုးကျေးရွာအနီး စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄)တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် AA တို့သည် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - အမ်းမြို့နယ်၊ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ အမ်း-ပဒါန်း ကားလမ်းမအနီးစစ်ကောင်စီ၏ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှတပ်ဖွဲဝင်များပါဝင်သည့် ရန်သူ့ တပ်ရင်းများနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သိမ်းဆည်းရမိခဲ့သောလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများအား AA က ထုတ်ပြန်ခဲ့စဉ်။ (Photo – AA Info Desk)

 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.