Preview

မောင်တောတိုက်ပွဲကာလအတွင်း ဖမ်းဆီးခံလိုက်ရသည့် သက်လူမျိုးသုံးဦး သတင်းအစအနမရဘဲ ယနေ့အချိန်ထိ ပျောက်ဆုံးနေ

ကြိုင်ဟိန်းလင်း | ဇန်နဝါရီ ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :818
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇန်နဝါရီ ၂၉/ ၂၀၂၅

ရခိုင်ပြည်၊ မောင်တောတိုက်ပွဲကာလတုန်းက စစ်ကောင်စီတပ်ထံဖမ်းဆီးခံလိုက်ရသည့် သက်လူမျိုးသုံးဦးမှာယနေ့ချိန်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသူများမှာမောင်တောမြို့နယ်၊ လေးမိုင်အုပ်စု၊ မကျည်းကုန်းကျေးရွာမှ ဦးဒုံးရီ အသက် (၅၀) ကျော်၊ ဦးလှသိန်း အသက် (၄၀) ခန့်နှင့် အသက် (၂၅) နှစ်အရွယ်ကိုထွန်းစိန်‌အောင်တို့ဖြစ်ကြသည်။

သူတို့သုံးဦးထဲမှ ဦးဒုံးရီနှင့်ဦးလှသိန်းနှစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းကမောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် အာရက္ခတပ်တော် (AA) နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့စဉ်က စစ်ကောင်စီတပ်ထံဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သက်လူငယ်တစ်ဦးဖြစ်သူ ကိုပန်းကျော်ဒူက ပြောသည်။

"သာယာကုန်း၊ မကျည်းကုန်းရွာအနီးမှာ တိုက်ပွဲပြင်းထန်စဉ်က ရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ" ဟု ပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းကကို‌ထွန်း‌စိန်အောင်သည် ‌မောင်တောမြို့ပေါ်မှ တိုက်ပွဲရှောင်ရန်တိမ်းရှောင်လာစဉ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

"မောင်တောမြို့မှာတိုက်ပွဲဖြစ်ပွားဖို့အတွက် တင်းမာနေကြတဲ့အချိန်။ မောင်တောမြို့ထဲကပြန်လာတဲ့အချိန်မှာ လမ်းစပ်ကြားမှာ စစ်တပ်ဖမ်းတာလား။အာဆာဖမ်းတာလားဆိုတာကိုတော့ တိတိကျကျမပြောတတ်ဘူး။ ဖမ်းဆီးခံလိုက်ရပြီးတော့သတင်းအစအနမရဘဲ ပျောက်ဆုံးသွားတယ်" ဟု ဆိုသည်။

အာရက္ခတပ်တော် (AA) သည်မောင်တောမြို့၏ နောက်ဆုံးလက်ကျန်တစ်ခုဖြစ်သည့် နခခ (၅) အား ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ပြီး မောင်တောမြို့နယ်တစ်ခုလုံးအားထိန်းချုပ်ထားနိုင်ခဲ့သည်။

ထိုကဲ့သို့ တပ်တော်မှ သိမ်းပိုက်ပြီးစီးသွားသော်လည်း ဖမ်းဆီးခံထားရသည့် သက်လူမျိုးသုံးဦးမှာ သတင်းအစအ‌နမရပျောက်ဆုံးနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ကိုပန်းကျော်ဒူက ဆိုသည်။

"ဒီနေ့ချိန်ထိ သူတို့ဟာ အသက်ရှင်လား၊သေလား မပြောတတ်ဘူး။ မောင်တောမြို့ကို သိမ်းလို့ရတဲ့ကာလမှာလည်းသတင်းအစအနမရတော့ သေဆုံးသွားပြီလို့ပဲ သတ်မှတ်ထားပါတယ်" ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်းက သာယာကုန်းကျေးရွာအတွင်းသို့လည်းစစ်ကောင်စီစစ်ကြောင်းတစ်ခု စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သာယာကုန်းကျေးရွာမှ ကျောင်းထိုင်‌ဆရာတော်အပါအဝင် ‌ရွာသားခြောက်ဦးကို ဖမ်းဆီးခဲ့သည်။

ထိုအထဲမှ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦးတို့၏သေဆုံးပုပ်ပွနေသည့် ရုပ်အလောင်းကို ကျေးရွာသားများက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ရက်က တွေ့ရှိခဲ့ပြီး ဆရာတော်အပါအဝင် လူလေးဦးတို့မှာ ပျောက်ဆုံးသွားခဲ့သည်။

မောင်တော လေးမိုင် နခခ(၂)တပ်ရင်း-မကျည်းကုန်း-သာယာကုန်း-ငွေတောင်-ရွှေတောင် ကျေးရွာများမှာ တစ်ဆက်တည်းတည်ရှိနေသည့် ကျေးလက်ကျေးရွာများလည်းဖြစ်သည်။

ထိုကျေးရွာများသို့ ၂၀၂၄ ခုနှစ်၊ဇွန်လ ၁ ရက်‌နေ့၌ မောင်တောမြို့ လေးမိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနခခ(၂)မှ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းတစ်ခုမကျည်းကုန်းကျေးရွာသို့စတင် ဝင်ရောက်လာခဲ့သည့်အတွက်ရွာသူရွာသားအချို့ထွက်ပြေးခဲ့ရသည်။

ထို့နောက် ဇွန်လ ၂ ရက်၊ နေ့လယ် နှစ်နာရီကျော်တွင် စစ်ကောင်စီ စစ်ကြောင်းမှာ သာယာကုန်းကျေးရွာသို့ ဆက်လက်ဝင်ရောက်လာ၍သာယာကုန်းကျေးရွာမှ ရွာသူ၊ ရွာသားများလည်း ထွက်ပြေးခဲ့ကြရသည်။

သာယာကုန်းကျေးရွာ၌အိမ်ခြေ ၇၀ခန့်နှင့် လူဦးရေ ၃၅၀ ခန့်ရှိပြီး မကျည်းကုန်းကျေးရွာ၌ အိမ်ခြေ ၁၇၀ကျော်နှင့် လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့်ကျေးရွာများဖြစ်ကြသည်။

သာယာကုန်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင်ပြီးမကျည်းကုန်းရွာတွင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် သက်လူမျိုးများနေထိုင်ကြသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.