နိရဉ္စရာ၊ ဇန်နဝါရီ ၃၀/ ၂၀၂၅
ရခိုင်တွင် စစ်ကောင်စီထုတ် အရက်၊ ဘီယာနှင့် ဝိုင်များကို အာရက္ခတပ်တော်(AA)က ရောင်းချခွင့် ပိတ်ပင်လိုက်ပြီးနောက် ဒေသထွက် ချက်အရက်ရောင်းချသူများတွင် ရောင်းအားကောင်းလာနေသည်ဟု အရက်ရောင်းချသူများက ပြောသည်။
AA ထိန်းချုပ်ထားသည့် ရခိုင်မှလွတ်မြောက်နယ်မြေများအားလုံးတွင် စစ်ကောင်စီနှင့် ပြည်ပထုတ် အရက်၊ ဘီယာ၊ ဝိုင်များ ရောင်းချခွင့်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှစတင်ကာ တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၀ ရက်တွင် လုံးဝပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။
ထိုသို့တားမြစ်ပိတ်ပင်လိုက်ပြီးနောက် ရခိုင်ဒေသထွက် ချက်အရက်များကိုသာ ဒေသခံများသောက်သုံးနေရ၍ ရောင်းအားကောင်းနေခြင်းဖြစ်သည်ဟု အရက်ရောင်းချသူတစ်ဦးက ပြောသည်။
"အဲလိုမျိုး ဒေသထွက်အရက်တွေကို အရက်ရောင်းချသူတွေက ဝယ်ယူမှုများပြားလာလို့ အရက်ချက်လုပ်ငန်း လုပ်ကိုင်သူတွေလည်း အရက်ရောင်းအားကောင်းလာခဲ့ပြီး အရင်ကထက် အဆင်ပြေလာပါတယ်"ဟု ပြောသည်။
သို့သော်လည်း ဝယ်လိုအားများလာ၍ ဒေသထွက် အရက်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိနေသည့်အတွက် အရက်သောက်သုံးသူများမှာ ယခင်ကထက် နည်းပါးလာသည်ဟု သူက ပြောသည်။
"စစ်တပ်ထုတ် အရက်၊ ဘီယာတွေ ရောင်းခွင့်ရတုန်းကတော့ သောက်သုံးသူများတယ်။ အခုတော့ အရက်သောက်သူတွေက အရင်ကထက် နည်းသွားတယ်။ ပထမတော့ ဆိုင်မှာလူမကျတာလို့ထင်ခဲ့တယ်။ မဟုတ်ဘူး။ စစ်တပ်ထုတ် အရက်၊ ဘီယာတွေကျတော့ အရက်ပါတဲ့ရာခိုင်နှုန်းက နည်းတယ်လေ။ ဒေသထွက် ချက်အရက်တွေကျတော့ ပြင်းတယ်။ အရက်သောက်သူတွေ အရင်ကထက်တော့ နည်းလာတယ်" ဟု ပြောသည်။
ရခိုင်ဒေသထွက် ချက်အရက် တစ်လီတာကို ယခင်က ငွေကျပ် ရှစ်ထောင်ဝန်းကျင်ခန့်သာရှိခဲ့သည်။
လက်ရှိတွင် ရခိုင်ဒေသထွက် ကောက်ညှင်းဆန်အရက်(ရိုးရိုး) တစ်လီတာလျှင် ကျပ်နှစ်သောင်း၊ အုန်းရည်အရက် တစ်လီတာကို ကျပ်တစ်သောင်း၊ ရိုးရိုးဆန်အရက် တစ်လီတာကို ကျပ် ရှစ်ထောင်၊ အဦးရေ တစ်လီတာလျှင် ကျပ်တစ်သောင်းအထိ အသီးသီးဈေးမြင့်တက်လျက်ရှိသည်။
ဒေသထွက် အုန်းရည်အရက်နှင့် ရိုးရိုးဆန်အရက်တို့မှာ အရောင်းရဆုံးဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများမှာ စီးပွားရေးကျပ်တည်းအဆင်မပြေမှုများနှင့် ကြုံတွေ့နေရပြီး နေ့စဥ်ဝင်ငွေရ အလုပ်အကိုင်အခွင့်အလမ်းများမရှိ၍ မိသားစုစားဝတ်နေရေးကိုပင် အနိုင်နိုင်ဖြေရှင်းနေရမှုတို့ကြောင့် အရက်သောက်သုံးသူ ယခင်ထက်နည်းပါးလာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"ဒီကာလက အကျပ်အတည်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလေ။ စစ်ဘေးရှောင်ရတာနဲ့ ဝင်ငွေရတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိဘူး။ အရက်သွားသောက်လို့ကုန်မယ့် ငွေကြေးက မိသားစုထမင်းဝိုင်း တစ်ဝိုင်းစာလောက်ရှိတော့ တော်ရုံနဲ့ အရက်မသောက်ဖြစ်ကြတော့ဘူး။ ပြီးတော့ ဒီကာလမှာက လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေရတယ်။ အရက်သောက်ပြီး မူးရူးနေရမယ့်အချိန်ကာလလည်း မဟုတ်ဘူး"ဟု ပြောသည်။
ထို့အတူ ရခိုင်ဒေသထွက် ချက်အရက်များတွင် သောက်သုံးရာ၌ အဝင်ကောင်းစေရန် ဆေးများရောစပ်ခြင်း၊ မစပ်သင့်သည့် ဆေးများဖြင့် ရောစပ်ကာရောင်းချမှုများရှိနေသည့်အတွက် ကျန်းမာရေးအရ များစွာထိခိုက်မှုရှိ၍ ဒေသထွက်ချက်အရက်များကို သောက်သုံးသူနည်းပါးလာခြင်းဖြစ်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။