သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၃၁/၂၀၂၅
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ပင်လယ်ကမ်ခြေတွင်တည်ရှိသည့် ကျွန်းသာယာအမြောက်တပ်စခန်းအနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီနေဗီများကဒေသခံငါးဖမ်းသမားများအားမကြာခဏဖမ်းဆီးရိုက်နှက်ပြီး ငွေညှစ်နေ၍ ငါးလုပ်ငန်းလုပ်ကိုင်သူများအခက်တွေ့နေကြောင်းသတင်းရရှိသည်။
မြေပုံမြို့နယ် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သူများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ယခု လဇန်နဝါရီအထိ အဆိုပါအမြောက်တပ်စခန်းအနီးရပ်ထားသည့်နေဗီနှင့် ခေါ်ယူပြီး ဖမ်းဆီးရိုက်နှက်ကာ စစ်ဆေးမှုများ မကြာခဏရှိနေသည်ဟု မြေပုံမြို့နယ်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ကျွန်းသာယာတပ်စခန်းက မြေပုံမှာ စစ်ကောင်စီရဲ့လက်ကျန်စခန်းတစ်ခုဖြစ်တယ်။ သူတို့ရဲ့နေဗီတွေကနေ စစ်သားတွေက ငါးဖမ်းထွက်တဲ့စက်လှေတွေကို မကြာမကြာဖမ်းဆီးတယ်။ငွေညှစ်တယ်။ပြဿနာရှာတယ်။ ရိုက်ချင်သလို ရိုက်တယ်။ အဓိက အုန်းချောင်းဖက်က ရေလုပ်သားတွေပိုပြီးအရိုက်ခံရတယ်။ အခုနောက်ပိုင်းပိုလုပ်လာတယ်" ဟု ပြောသည်။
၎င်းပြင် နောင်တော်ကြီးနောင်တော်ချေတွင်ရပ်နားထားသည့် နေဗီများကလည်း ဒေသခံရေလုပ်သားများအပေါ် အနိုင်ကျင့် ဖမ်းဆီး ရိုက်နှက်မှုများ ရှိသည်ဟု ၎င်းက ပြောသည်။
ရေလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦးက "သူတို့ဖမ်းချင်ရင်ငါးဖမ်းထွက်တာရောဟုတ်လို့လား။ AA ဆီ ဆေးတွေသွားပို့တာလား၊ငါးသွားပို့တာလား၊ အစုံမေးပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ မေးပြီးဖမ်းတာပါ။ ပြီးရင် ငွေတောင်းတယ်" ဟု နိရဉ္စရာကို ပြောသည်။
စစ်ကောင်စီ၏ ကျွန်းသာယာအမြောက်တပ်စခန်းသည် စစ်တွေ-ကျောက်ဖြူ-ရန်ကုန် ရေလမ်းကြောင်းတွင်တည်ရှိသည့် ရေတပ်စခန်းတစ်ခုဖြစ်သည်။
အဆိုပါတပ်စခန်းတွင် စစ်ကောင်စီထံဖမ်းဆီးစစ်ဆေးခံရသည့်ငါးဖမ်းသမားများမှာ အကြောင်းပြချက်အမျိုးမျိုးဖြင့်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ငွေပေးပါက ပြန်လွှတ်ပေးသည်ဟု၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ မတရားဖမ်းဆီးငွေညှစ်ရိုက်နှက်ခံရသဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ပင်လယ်ပြင်သို့မထွက်ဝံ့သဖြင့် စားဝတ်နေရေးပိုမိုကျပ်တည်းလာသည်ဟု ကျွန်းသာယာရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ၏ဇနီးက နိရဉ္စရာကို ပြောသည်။
"အခုခေတ်မှာ ယောက်ျားတွေကို ပိုလို့စိတ်မချရတဲ့ခေတ်ပါ။ အိမ်ထောင်ဦးစီး သားသမီးတွေ တစ်ခုခုဖြစ်သွားမှာကို အရမ်းကြောက်တယ်" ဟု ပြောသည်။
လက်ရှိတွင် ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်နေသည့်ကျွန်းသာယာရွာ၊ အုန်းချောင်း၊ ပြင်ဝန်းရွာ၊ ကုက္ကိုလ်ရွာ၊ ကျွန်းသာယာနှင့်တဖက်ကမ်း ငပဿုန်ကျွန်းမှ ရွာများအပါအဝင် ရေလုပ်ငန်းကိုမှီခိုနေရသူများမှာ စစ်ကောင်စီ၏ မတရားကျူးလွန်မှုကြောင့် အခက်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် အမျိုးသားများကိုဦးတည်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေသဖြင့် အိမ်သူအမျိုးသမီးများမှာ မိမိ၏အိမ်ထောင်ဦးစီးနှင့် သားယောက်ျားများကို ပိုမိုစိုးရိမ်နေရသည်ဟု သူမက ဆက်ပြောသည်။
"ကြားနေရမြင်နေရတဲ့သတင်းတွေကလည်းယောက်ျားသားတွေက ဖမ်းဆီးခံရတာများတယ်။ စစ်ကောင်စီရဲ့ နှိပ်စက်သတ်ဖြတ်တာကိုပိုခံရတယ်။ ဒါကြောင့် အခုငါးဖမ်းမထွက်ခိုင်းဘူး။ ကြုံရာကျပန်းပဲလုပ်စားနေရတယ်။ ငါးဖမ်းတုန်းကလောက် မပြေလည်ဘူးပေါ့"ဟု ပြောသည်။
ရခိုင်ပင်လယ်ပြင်တွင်ရှိနေသေးသည့် စစ်ကောင်စီ၏နေဗီများကြောင့်ရခိုင်ပြည်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဝမှာ ရပ်တည်ရ ပိုခက်ခဲလာခြင်းဖြစ်သည်ဟု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ဓာတ်ပုံ - မြေပုံမြို့မှ ငါးဖမ်းသမားများနှင့် ငါးဖမ်းစက်လှေအချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဥ်။