သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၅
ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်စပ်အဆုံး ရိုးမပေါ်နှင့် ပဲခူးတိုင်းအစပ်ရှိ မိုးထိတောင်စခန်း နှင့် ညောင်ကျိူး၊ ချင်းကုန်းရွာအကြားတွင်စစ်ကောင်စီတပ်နှင့် AA ဦးဆောင်သော တော်လှန်ရေးတပ်တို့၏တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"မိုးထိတောင်ဖက်ကဆိုရင်အဆင်း၊ ညောင်ကျိုးဖက်ကအတက် အဲဒီအကြားမှာ တိုက်ပွဲဖြစ်နေသေးတယ်။ မိုးထိတောင်စခန်းတိုက်ပွဲကဆင်းပြီး ထွက်ပြေးနေတဲ့စစ်သားတွေက ညောင်ကျိုးတို့ဖက်ကိုပြေးတာတွေရှိတယ်။ အခု စစ်တပ်ကသူတို့မိုးထိတောင်ကိုပြန်ပြီး တက်တယ်။ ဒါကြောင့် ကြားထဲမှာ AA နဲ့ပူးပေါင်းတပ်တွေနဲ့တွေ့လို့ တိုက်ပွဲဖြစ်နေတာ" ဟု ပြောသည်။
မိုးထိတောင်စခန်းကို စစ်ကောင်စီက ပြန်လည်ရယူရေးအတွက် စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်လျက်ရှိသည်ဟုလည်း ဆိုသည်။
ဥသျှစ်ပင်မြို့နယ်ရှိ စစ်ကောင်စီ၏ အကြီးစားစက်မှုလုပ်ငန်း(ကစလ)နှင့်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၆)မှ ညောင်ကျိုးနှင့်ချင်းကုန်ကိုစစ်အင်အား ၄၀၀ ခန့်နှင့် တင့်ကားများ၊ အတွဲလိုက်လက်နက်တင်သည့်ကားများကိုပါ အင်အားဖြည့်တင်းထားသည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အခုလက်ရှိက အမ်းရိုးရော၊ တောင်ကုတ်ရိုးရော စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေတယ်။အခုမိုးထိတောင်စခန်းကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်နေတာ။ညောင်ကျိုးနဲ့ချင်းကုန်းရွာကို စစ်အင်အားတွေရော၊ လက်နက်အင်အားတင့်ကားတွေအင်အားဖြည့်တင်းတာတယ်။ ဒီစစ်အင်အားတွေ အကုန်လုံးက ဥသျှစ်ပင်နဲ့ ပဲခူး၊ရန်ကုန်ဖက်က လာတာ" ဟုပြောသည်။
ဥသျှစ်ပင်မြို့နယ်၊ညောင်ခြေထောက် ကျေးရွာအနီးရှိ ကပစ (၆)နှင့် ညောင်ကျိုး၊ချင်းကုန်းကျေးရွာမှာ (၇)မိုင်ခန့် ကွာဝေးပြီး ဥသျှစ်ပင်နှင့် မိုးထိတောင်သည် မိုင်(၄၀) ခန့်ကွားဝေးကြောင်း သိရသည်။
ညောင်ကျိုးနှင့်ချင်းကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အမြောက်တပ်ရှိပြီး လက်နက်ကြီးများပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
လက်ရှိတွင် တိုက်ပွဲပြင်းနေပြီး လေကြောင်းဖြင့်တိုက်ခိုက်နေသည့်အတွက်မိုးထိတောင်နှင့် ညောင်ကျိုးကျေးရွာကြားရှိ ချင်းရွာများ ဖြစ်သည့်ကျွဲကြီး၊ ကျွဲလေး၊ လေးအိမ်စု၊ ပန်းကန်ကွဲ စသည့် ကျေးရွာများမှဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
AA သည် တောင်ကုတ်မြို့နယ်၊ ရက္ခိုင်ရိုးမတောင်တန်းပေါ်ရှိ မိုးထိတောင်စခန်းကို ဇန်နဝါရီလ (၂၆) ရက်နေ့က သိမ်းပိုက်ထားသည်။