Preview

AA ထိန်းချုပ်ထားသည့် ရေပိုင်နက်အတွင်း သွားလာနေသည့် စက်လှေများကို စစ်ကောင်စီနေဗီက ပစ်ခတ်မှုရှိနေ

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :1783
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၅

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားသည့် ရေပိုင်နက်အတွင်းဖြတ်သန်းသွားလာနေသည့် ငါးဖမ်းစက်လှေအပါအဝင် ပြည်သူ့များအသုံးပြုသွားလာနေသည့် စက်လှေများကို စစ်ကောင်စီနေဗီက ပစ်ခတ်မှုများရှိနေကြောင်း သတင်းရရှိသည်။

AAထိန်းချုပ်ထားသည့် ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေအပြင် လူမှုရေးကိစ္စ၊ကျန်းမာရေးကိစ္စဖြင့် သွားလာနေသည့် စက်လှေများကို ဇန်နဝါရီနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီ၏ နေဗီများက လက်နက်ငယ်များဖြင့်လှမ်းပစ်မှုများရှိနေသည်ဟု ပေါက်တောမြို့နယ်မှစက်လှေမောင်းသူအမျိုးသားတစ်‌ဦးက နိရဉ္စရာကို ပြောသည်။

"နေဗီတွေက ရေကြောင်းမှာ လှည့်လည်သွားလာ လှုပ်ရှားနေတာတွေရှိတယ်။သူတို့က အခုမျက်စိတစ်ဆုံးအထိ  မြင်ရတဲ့စက်လှေဟူသမျှပစ်တယ်။ကျန်းမာရေးကိစ္စဖြစ်လို့ တစ်နေရာကနေ တစ်နေရာ ရေကြောင်းနဲ့သွားရတယ်။ AA ထိန်းချုပ်ထားတဲ့ နေရာတွေကိုတော့ နေဗီက မသွားရဲဘူး။ AA ကတိုက်ခိုက်မှာစိုးလို့။ ဒါပေမယ့် သူတို့လက်လှမ်းမီသလောက်အဝေးကနေ လှမ်းပစ်တယ်" ဟုပြောသည်။

စစ်ကောင်စီ၏နေဗီများမှာ ပင်လယ်ကြောတစ်လျှောက်တွင် နေရာယူထားပြီး ဒေသခံပြည်သူများအားလက်နက်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်နေသဖြင့် ပင်လယ်ပြင်သို့ထွက်ရန်စိုးရိမ်နေရသည်ဟု ငါးဖမ်းသမားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီနေဗီတွေက စစ်ပွဲစဖြစ်ကတည်းက တောက်လျှောက် ဒုက္ခပေးလာတာပါ။ အခုလည်း ဒီလို ထိန်းချုပ်ထားတဲ့နယ်မြေတွေအထိတောင်လိုက်ပစ်နေတာ။ ငါးဖမ်းမထွက်ရရင်တော့ မစားရဘူး။ ဒါပေမယ့် ထွက်ကြရတာပါပဲ " ဟု ပြောသည်။

အဆိုပါနေဗီများသည် ပေါက်တောမြို့နယ်၊ မြေငူကျွန်း(ခ)ဆံတော်ရှင်ကျွန်း၊ ဖဒူကျွန်း၊ ဆင်တက်မော်ကျွန်းစသည့် စစ်တွေ-ကျောက်ဖြူ-မြေပုံရေလမ်းကြောင်းတွင် အသွားအပြန်လုပ်နေကြသည့် ငါးဖမ်းစက်လှေများနှင့် စက်လှေငယ်များကို လိုက်လံပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီ၏နေဗီများမှာ စစ်တွေရွှေမင်းဂံရေတပ်စခန်းနှင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်‌ တောင် ဓညဝတီရေတပ်ဌာနချုပ်လက်အောက်က နေဗီများဖြစ်ကြပြီး ပင်လယ်ပြင်တွင် လှုပ်ရှားသွားလာနေကြသော နေဗီများဖြစ်ကြောင်း သိရသည်။ 

မြေပုံမြို့နယ်၏ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အမြောက်တပ်စခန်းတစ်ခုဖြစ်သည့် ကျွန်းသာယာအမြောက်တပ်စခန်း၏ နေဗီများကလည်း ဒေသခံငါးဖမ်းသမားများအား မကြာခဏဖမ်းဆီးငွေညှစ်ပြီးရိုက်နှက်နေ၍ ငါးလုပ်ငန်းလုပ်ကိုင်သူများအခက်တွေ့နေကြောင်းလည်း သိရသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.