မောင်စာဂ၊ နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၅
အာရက္ခတပ်တော်(AA)က ထိန်းသိမ်းထားသည့် နောက်ဆုံးလက်ကျန် ကုန်သင်္ဘောကို ပြန်လွှတ်ပေးလိုက်ပြီဟု ခိုင်လုံသည့်သတင်းရင်းမြစ်မှ သိရသည်။
အဆိုပါကုန်သင်္ဘောတွင် တရားမဝင် မူးယစ်ဆေးများနှင့်ရွှေချောင်းများပါဝင်သည်ဟု သတင်းရရှိထား၍ AA က အချိန်ယူစစ်ဆေးခဲ့ရာမတွေ့ရှိသည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟုယခုကိစ္စကိုသိရှိထားသည့် ကုန်သည်တစ်ဦးက နိရဥ္စရာကို ပြောသည်။
"မူးယစ်ဆေးလည်းမတွေ့၊ ရွှေချောင်းလည်းမတွေ့လို့ ပြန်လွှတ်ပေးလိုက်တာပါ"ဟု ပြောသည်။
အဆိုပါကုန်တင်သင်္ဘောသည် ရခိုင်မှ နာမည်ကြီးကုန်သည်ကြီးတစ်ဦးဖြစ်သူ တောင်ကုတ်မြို့မှ ဦးကျောက်တောင်၏ ကုန်သင်္ဘောဖြစ်သည်ဟု သိရသည်။
အဆိုပါကုန်သင်္ဘောအပါအဝင် ကုန်သင်္ဘောသုံးစီးသည် မြန်မာနိုင်ငံမှ ငါးခြောက်နှင့်ကွမ်းသီးများ အပါအဝင် တစ်ခြားကုန်ပစ္စည်းများကိုတင်ဆောင်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်ဆိပ်ကမ်းမှဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက်ဆိပ်ကမ်းသို့ မောင်းနှင်လာစဥ် AA ထိန်းချုပ်ထားသည့်နတ်မြစ်အတွင်းတွင် AA ၏ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ယင်းနောက် အဆိုပါကုန်သင်္ဘောသုံးစီးအနက် နှစ်စီးကို ရက်ပိုင်းအကြာတွင် AA က ပြန်လွှတ်ပေးခဲ့သော်လည်း စစ်ဆေးရန်ကျန်နေသေးသည့်အတွက် ကျန်တစ်စီးကို ဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်မှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မောင်တောမြို့ကို AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်နတ်မြစ်၀ကနေ အရှည်၂၇၁ ကီလိုမီတာ ရှည်လျားသည် နယ်စပ် တစ်လျှောက်ကို AAက ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင် ရန်ကုန်မှဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်မှုကိုမြန်မာစစ်ကောင်စီက ရပ်တန့်လိုက်ပြီဟုလည်း သတင်းများ ထွက်ပေါ်နေသည်။