Preview

မောင်တောဒေသတွင် မြိုလူမျိုးများလုံခြုံရေး အခြေအနေကြောင့်  ဝမ်းစာရှာဖွေမှုခက်ခဲနေ

နောင်မင်းသူ | ဖေဖော်ဝါရီ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :1238
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ဖေဖော်ဝါရီ၂ /၂၀၂၅

ရခိုင်ပြည်၊ မောင်တောဒေသအားအာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သော်လည်း လုံခြုံရေး စိုးရိမ်ရသဖြင့်  မြိုလူမျိုးမိသားစုများဝမ်းစာဖူလုံရေးအတွက် ခက်ခဲနေရသည်ဟု ကာယကံရှင်မြိုလူမျိုးများက ပြောသည်။

မြိုအမျိုးသမီးတစ်ဦးက "ကျွန်မတို့အရင်ကဆို တောတောင်တွေကို လွတ်လပ်စွာသွားလာပြီး ဟင်းသီး၊ဟင်းရွက်ရှာဖွေနိုင်ခဲ့ကြတယ်။ အခုစစ်ရေးကာလမှာ မိုင်းအန္တရာယ်နဲ့ အကြမ်းဖက် ARSA အဖွဲ့တွေရဲ့အန္တရာယ်တွေကြောင့် တောတောင်တွေကို မသွားဝံ့ကြ‌တော့ဘူး။ ဟင်းသီးဟင်းရွက်တွေရရှိနိုင်တဲ့နေရာတွေကိုသွား ရောက်မရှာ‌ဖွေဝံ့ဖြစ်နေကြရပါတယ်"ဟု ပြောကြားသည်။

လက်ရှိစစ်ရေးကာလ၌မြိုအမျိုးသမီးများမှာ ဝေးလံခေါင်ဖျားသည့် မေယုတောတောင် သို့သွားရောက်ပြီးဟင်းသီးဟင်ရွက်များ မရှာဖွေနိုင်၍ ဝင်‌ငွေနည်းပါးကာ မိသားစုစားဝတ်နေရေးမဖူမလုံဖြစ်နေကြရသည်ဟုလည်း ဆိုသည်။

၂၀၂၄ခုနှစ် စက်တင်ဘာ ၃၀ ရက်နံနက်ကလည်း မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ငါးရှာသွားကြသည့်ကိုင်းကြီမြိုကျေးရွာဦးဆိုင်ဝင်း (၄၅)နှစ်နှင့်သူ၏သားများဖြစ်ကြသည့်မောင်လင်ကြီး (၁၅)နှစ်၊ မောင်အာမွန်း(၁၂)နှစ်နှင့်ဦးဆိုင်ဝင်း၏ အစ်ကိုသား မောင်ဒီကော်(၁၄)နှစ်တို့သည်ယနေ့အချိန်ထိ ပျောက်ဆုံးနေပြီး အာဆာအဖွဲ့က ဖမ်းယူသွားခဲ့သည်ဟု ၎င်းတို့က ပြောသည်။  

မောင်တောဒေသခံမြိုအမျိုးသားလူကြီးတစ်ဦးက "ဝေးလံတဲ့တောတောင်တွေကို ခြေလျင်သွားပြီးဟင်းသီးဟင်းရွက်မရှာနိုင်ကြဘူး။ ဟင်းသီးဟင်းရွက်‌တွေကို ရှာဖို့သွားတဲ့ကိုင်းကြီးရွာသားတွေ ပျောက်သွားကတည်းက ဘယ်သူမှ တောတောင်တွေထဲကို မသွားရဲတော့ဘူး"ဟု ပြောဆိုသည်။

မြိုလူမျိုးတို့၏ အဓိက မိရိုးဖလာစီးပွားရေးလုပ်ငန်းမှာ တောင်ယာစိုက်ပျိုးရေးဖြစ်ပြီး တောင်ယာလုပ်ငန်းသည်မြိုလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းဖြစ်သည်။

သို့သော် လက်ရှိ၌ ထိုတောင်ပေါ်ဒေသနေမြိုလူမျိုးများမှာ ၂၀၁၇ ခုနှစ်၌အဆာအကြမ်းဖက်အဖွဲ့များထံ ရက်စက်စွာသတ်ဖြတ်ခံရခဲ့ပြီးနောက်တောင်ပေါ်တွင်မနေရဲတော့ဘဲ  မြေပြန့်‌ဒေသများသို့ဆင်းလာကာ ရပ်ရွာတည်၍  နေထိုင်နေကြရသည်ဟုလည်း သိရသည်။

၂၀၁၇ ခုနှစ်တွင် အကြမ်းဖက် ARSA အဖွဲ့က သတ်ဖြတ်မှုကြောင့် မောင်တောမြို့၊ ကိုင်းကြီးမြိုရွာမှ ဒေသခံရှစ်ဦးသေဆုံးပြီး ခြောက်ဦး အပြင်းအထန်ဒဏ်ရရှိခဲ့ရသည်။

မြိုလူမျိုးများသည်ရခိုင်မျိုးနွယ်စုဝင်များထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူဦးရေ၃သောင်းကျော်နေထိုင်လျက်ရှိသည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဦးဇနီဖြူကပြောသည်။

မောင်တော၊ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင်နေထိုင်ကြပြီးယင်းအနက် မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်လျက်ရှိသည်ဟု ဆိုသည်။

#လူမှုရေးရာ#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.