မောင်စာဂ၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃/၂ဝ၂၅
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ရှိ ထောင့်ချိန်ရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသည့် စစ်ဘေးရှောင်လူငယ်တစ်ဦးသည်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူမှာ ထောင့်ချိန်ရွာတွင် စစ်ဘေးရှောင်နေသည့် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ ကိုမျိုးမင်းနိုင်(၂၉)နှစ်ဖြစ်သည်။
သူသည် ထောင့်ချိန်ရွာအား စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တိုက်ခိုက်ခံရမှုအတွင်းဒဏ်ရာရသွားသူနှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ဒဏ်ရာပြင်းထန်၍ ပြီးခဲ့သည့်ဇန်နဝါရီလ ၃၁ ရက်၊ ည ၉ နာရီခွဲခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ထောင့်ချိန်ရွာအားပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်၊ ညဉ့် ၁၁ နာရီကျော်ခန့်တွင်ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ကတိုက်ခိုက်ခံရမှုအတွင်းအသက် ၂၆ နှစ်အရွယ် ကိုမောင်ခင်အေး(ခ)ကိုကြာပီလည်း ဗုံးစထိမှန်၍ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။
ယင်းနေ့ကဖြစ်စဉ်အတွင်း ထောင့်ချိန်ရွာရှိ သာသနာ့အဆောက်အအုံများနှင့် စာသင်ကျောင်းအချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည်ရမ်းဗြဲမြို့နယ်မှ ကျောက်နီမော်ကျေးရွာကိုလည်း ဇန်နဝါရီလ ၈ ရက်၊ နေ့လယ် ၁နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယင်းဖြစ်စဉ်ကြောင့်ကျောက်နီမော်ကျေးရွာမှ အရပ်သား ၄ဝ ကျော်သေဆုံးပြီး ယင်းအနက်သေဆုံးသူမွတ်ဆလင်အရပ်သား (၂၆)ဦး၏အလောင်းကိုသာ ရရှိထားသည်ဟုအာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။
နေအိမ်ပေါင်း (၃၉၈)လုံးလည်း မီးလောင်ကျွမ်းသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဓာတ်ပုံ - ထောင့်ချိန်ရွာ ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားသည့် ကိုမျိုးမင်းနိုင်၏ ရုပ်အလောင်းအား တွေ့ရစဉ်။ (Photo - AA Info Desk)