မောင်စာဂ၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃ /၂ဝ၂၅
စစ်ကောင်စီသည် ဘာသာရေးကို ပြောင်းပြန်အသုံးချပြီး မလုပ်သင့် မလုပ်ထိုက်သည်များကို ပြုလုပ်နေသည်ဟု အမေရိကန်ပြည်ထောင်စု၊အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားမြို့ရှိ ဥတ္တမဝိဟာရကျောင်း၏ကျောင်းထိုင်ဆရာတော် ဦးကုဏ္ဍလကပြောဆိုသည်။
လူ့အသက်ကိုအန္တရာယ်ပေးမည့် လက်ပစ်ဗုံး၊လက်နက်ကြီးကျည်ဆံ၊ အမြောက်ဆန်တို့တွင် စစ်ကောင်စီသည် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းစာသားများကို ကပ်ပြီး အသုံးပြုနေမှုနှင့် ပတ်သက်ပြီး မေးမြန်း လျှောက်စဉ် ဆရာတော်က ထိုသို့ မိန့်ကြားသွားခြင်းဖြစ်သည်။
“သူများပစ်လိုက်တဲ့ကျည်က ကိုယ့်ကိုမထိရအောင် ပဋ္ဌာန်းရွတ်နေတယ်ဆို လူကြားကောင်းသေးတယ်။သူများအသက်ကို အန္တရာယ်ပေးမယ့် လက်နက်မှာ ပဋ္ဌာန်းစာကို ကပ်ထားပေးတာကတော့အသင့်တွေးတွေး၊ အပြန်တွေးတွေး ဘယ်လိုမှ အဆင်မပြေတာ။ ဘာသာတရားကို အမနာပလုပ်တာလည်းရောက်တယ်”ဟုဆရာတော်က နိရဉ္စရာသတင်းဌာကို မိန့်ကြားသည်။
မြတ်ဗုဒ္ဓ၏တရားစာများဖြစ်သော "အတ္ထိပစ္စယော၊နတ္ထိပစ္စယော" စသည့် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းကျမ်းလာတရားတော်စာသားများကိုကပ်ထားသော အသုံးမပြုရသေးသောလက်ပစ်ဗုံး၊ အမြောက်ကျည်ဆံစသည့် စစ်လက်နက်ပစ္စည်းများကိုစစ်ကောင်စီစခန်းအတွင်းတွင်အာရက္ခတပ်တော်( AA) က သိမ်းဆည်းရမိခဲသည်။
ဆရာတော် ဦးကုဏ္ဍလက “ဘာသာရေးနဲ့နိုင်ငံရေးမရောနဲ့ဆိုတာ ဒီလိုသဘောတရားတွေကို မရောနဲ့လို့ပြောတာ။ဦးဇင်းတို့မှာက လူအများစုနားလည်ထားတာက ဘာသာရေးနဲ့နိုင်ငံရေးမရောနဲ့ဆိုလို့ရှိရင် ဘုန်းကြီးတွေနိုင်ငံရေးမလုပ်နဲ့လို့ပြောတာလောက်ပဲ ထင်နေကြတယ်။ အမှန်က ဘာသာရေးနဲ့နိုင်ငံရေးမရောနဲ့ဆိုတာ နိုင်ငံရေးထဲမှာ၊ စစ်ပွဲထဲမှာ ဘာသာရေးတွေကိုဝင်ပြီး မစွက်ဖက်နဲ့။ ဘာသာရေးသဘောတရားတွေကို စစ်ပွဲထဲမှာ မသုံးနဲ့။ဘာသာရေးသဘောတရားတွေနဲ့ နိုင်ငံရေးမလုပ်နဲ့လို့ ပြောတဲ့သဘောပေါ့။ လူကိုပြောတာမဟုတ်ဘူး။ သဘောတရားကို ပြောတာ။ နိုင်ငံရေးနဲ့ဘာသာရေးမရောထွေးနဲ့ဆိုတာက သဘောတရားကို ပြောတာ။ ဥပမာသိသာထင်ရှားအောင်တစ်ခုပြောရမယ်ဆိုရင် ဘာသာရေးအရဆိုလို့ရှိရင်သူတစ်ပါးအသက်ကို မသတ်ရဘူးလေ။ ဒါပေမဲ့ တိုက်ပွဲမှာ ဒါမျိုးသွားသုံးလို့မရဘူးပေါ့။ ဒီသဘောကို ဆိုလိုတာပါ”ဟု မိန့်သည်။
ပဋ္ဌာန်းရွတ်သည်ဆိုသည်မှာ ယုံကြည်မှုအရအန္တရာယ်ကင်းစေရန် ရွတ်ဆိုခြင်းသာဖြစ်ပြီး
စစ်ကောင်စီအနေဖြင့်သူတစ်ပါး အသက်ကို သေစေနိုင်သည့် စစ်လက်နက်ပစ္စည်းများတွင် ဗုဒ္ဓတရားစာများကို လွဲမှားစွာအသုံးပြုခြင်းမှာမလုပ်သင့်၊ မလုပ်ထိုက်သည့်အရာဖြစ်သည်ဟု ရဟန်းသံဃာတော်များကမိန့်ဆိုကြသည်။
သို့သော်လည်း ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီတပ်သည် AA နှင့်တိုက်ရာတွင် တိုက်ပွဲတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။
ဓာတ်ပုံ - ဗုဒ္ဓတရားစာများထပ်ထားသည့် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများအား တွေ့ရစဉ်။ (Photo – APM_)