နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်နှင့် ယင်းအနီးရှိ စစ်ကောင်စီနေဗီများက အနီးအနားကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ရေတပ်ဌာနချုပ်၏ အနီးအနားတွင်ရပ်နားထားရသည့် နေဗီများနှင့် ၃၂ ရဲတပ်ရင်းများက ဇန်နဝါရီ ၃၀ ရက်မှ ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်အထိ လက်နက်ကြီးကျည်များ၊ ဒရုန်းများဖြင့် လူမနေနိုင်အောင် ပစ်ခတ်ခြောက်လှန့်နေသဖြင့် ရွာသားများထွက်ပြေးနေရခြင်းဖြစ်သည်ဟု စည်မော်ကျေးရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ပစ်ခတ်ရတဲ့ရည်ရွယ်ချက်က ရွာတွေမှာ ရွာသားတွေမနေနိုင်အောင်လုပ်မယ်။ အဲဒီရွာမှာ တပ်စွဲမယ်။ အခုရွာသားတွေထွက်ပြေးနေရပြီ။ စည်မော်ရွာမှာဆို လက်နက်ကျတာတွေရှိတယ်။ အိမ်တွေပျက်စီးတာရှိတယ်။ လူတွေအထိအခိုက်မရှိဘူး"ဟု ပြောသည်။
စစ်ကောင်စီက လက်နက်ကြီးများနှင့် ဒရုန်းများဖြင့်ပစ်ခတ်နေသည့်ရွာများမှာ ဓညဝတီရေတပ်ဌာနချုပ်နှင့်နီးစပ်သည့် စည်မော်ရွာ၊ ကြတ်တိမ်၊ ကပ်သပြေ၊ ကျားတဲ၊ စိုင်ခြုံစသည့် ကျေးရွာများဖြစ်သည်။
ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ဝင်တိုက်မည်ကို အစိုးရိမ်လွန်ကာ စစ်ကောင်စီဘက်က ယခုလို ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
ယင်းအပြင် ကျောက်ဖြူမြို့ပတ်ဝန်းကျင်ကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာ၊ Y-12 ဖြင့် အပေါ်မှ ကင်းထောက်ကြည့်နေ၍ လေယာဉ်လာပါက ဒေသခံများ အထိတ်တလန့်ဖြစ်ကာ ကြောက်လန့်ထွက်ပြေးနေကြရသည်ဟုလည်း ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"လေယာဉ်တွေက ဗုံးတော့မကြဲဘူး။ အပေါ်ကနေ ဝဲပြီး ကင်းထောက်ကြည့်နေတယ်။ လေယာဉ်သံကြားရင် မနေနိုင်ဘူး။ အရမ်းကြောက်တယ်။ အိပ်မပျော်စားမဝင်။ ညဆို ကောင်းကောင်းမအိပ်ရ။ နေ့ဖက်ဆိုလည်း စိုးရိမ်ရနဲ့" ဟုပြောသည်။
ဇန်နဝါရီ ဒုတိယအပတ်ကလည်း စစ်ကောင်စီ၏ အုန်းကျွိန်ရေတပ်စခန်း၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်၊ မဒေးကျွန်းကိုလုံခြုံရေးယူထားသည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေးစစ်ရေယာဉ်များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့ချောင်းကျွန်း၏အနောက်ဘက်ရှိ ရွာများ၊ မာရဇိုင်းကျွန်း၊ တောင်ရှည်ကမ်း၊ သဲချောင်း (ခေါ်)ကျက်တောပြင် စသည့် ကျေးရွာအပါအဝင် ၁၀ ရွာထက် မနည်းထွက်ပြေးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီနေဗီတစ်စီးက လက်နက်ကြီးဖြင့်ပစ်ခတ်နေစဥ်(ပုံဟောင်း)