နိရရဉ္စရာ၊ ဖေဖော်ဝါရီ ၃/၂၀၂၅
ဝယ်ယူစားသုံးသူများပြား၍ ရခိုင်ဒေသထွက် ဖရဲသီးများရောင်းအားကောင်းနေကြောင်း ဖရဲသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
ဆောင်းသီးနှံတမျိုးဖြစ်သည့် ရာသီစာ ရခိုင်ဒေသထွက်ဖရဲသီးများကို လက်ရှိတွင် ခရီးသွားလာသူများနှင့် ဒေသခံပြည်သူတို့က ဝယ်ယူစားသုံးများပြားနေ၍ ရောင်းအားကောင်းနေပြီး စိုက်ပျိုးရောင်းချသူများမှာလည်း အဆင်ပြေနေကြောင်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဖရဲသီးရောင်းချသူ ဒေါ်နုနုသန်းက နိရဥ္စရာကို ပြောသည်။
"ရောင်းအားကောင်းတယ်။ ဖရဲသီးကို ရာသီစာအဖြစ် တကူးတက ဝယ်ယူစားသုံးကြသူတွေများတော့ ရောင်းအားကောင်းနေတာ။ တစ်ရက်မှာ ဖရဲသီးအလုံး နှစ်ဆယ်လောက်တောင် ရောင်းရတယ်"ဟု ပြောသည်။
လက်ရှိတွင် ဝယ်ယူစားသုံးသူများပြား၍ ဖရဲသီးရောင်းအားကောင်းနေသလို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းပိုင်းကလည်း ဖရဲသီးပေါ်စအချိန်ဖြစ်သည့်အတွက် ပိုပြီးရောင်းအားကောင်းခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
ဖရဲသီးစိုက်ပျိုးသူများမှာ စတင်စိုက်ပျိုးသည့်အချိန်က ရာသီမမှန်ခြင်း၊ အပင်များ၌ ပိုးကျခြင်း၊ သွင်းအားစုများဖြစ်သည့် မျိုးစေ့ဈေးနှုန်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဈေးနှုန်းတို့မှာ အဆမတန်ဈေးမြင့်တက်နေသည့်အတွက် အရင်းအနှီးအများကြီးထည့်ကာ စိုက်ပျိုးခဲ့ရသော်လည်း ဖရဲသီးရောင်းအားကောင်း၍ အဆင်ပြေနေသည်ဟု စိုက်ပျိုးသူများက ပြောသည်။
ကျောက်တော်မြို့နယ်၊ ကာဒီ(ခေါ်)သဇင်ကျေးရွာမှ ဖရဲခင်းစိုက်ပျိုးသူ ကိုကျော်ကျော်နိုင်က "ဒီနှစ်တော့ ဖရဲသီးအခင်းလိုက် လက်လီလက်ကားဈေးနဲ့ရောင်းလိုက်တာ အဆင်ပြေပါတယ်။ အသီးမသီးခင်က အပင်မှာ ပိုးကျပေမဲ့ အသီးဖြစ်ထွန်းတာကလည်း ကံကောင်းလို့ပါ။ အချိန်သင့်၊ အခါသင့်လို့ပဲ ပြောရမယ်။ စိုက်ခင်းတော်တော်များများတော့ ဒီနှစ်ဖြစ်ထွန်းကြတယ်" ဟု ပြောသည်။
ဖရဲသီးများ ယခုနှစ်ရောင်းအားကောင်းနေခြင်းမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးအားလုံးကို ပိတ်ပင်ထား၍ ပြည်မဘက်မှ သစ်သီးဝလံများ ရခိုင်သို့ မတင်သွင်းနိုင်ခြင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် လေးမြို့ချောင်းဒေသတို့မှထွက်သည့် သစ်သီးဝလံတို့မှာလည်း ဈေးအဆမတန်မြင့်တက်နေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုကြသည်။
ရခိုင်ဒေသထွက်ဖရဲသီးများကို အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် အမြင့်ဆုံးဈေး ကျပ် ၂၀၀၀၀၊ ကျပ် ၁၅၀၀၀၊ ကျပ် ၁၀၀၀၀၊ ကျပ် ၈၀၀၀ နှင့် အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ အထိ ဈေးနှုန်းအမျိုးမျိုးရှိနေကြောင်း သိရသည်။
ယင်းအထဲမှ ကျပ် ၁၅၀၀၀နှင့် ကျပ် ၁၀၀၀၀ တန် ဖရဲသီးများမှာ အရောင်းရဆုံးဖြစ်သည်။
ဖရဲသီးကို ရခိုင်တွင် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် စိုက်ပျိုးကြပြီး ဘာဟူဘာလီ၊ ဒိုင်ယာနာ၊ ရှစ်ငါးငါး (ခေါ်) ကျောက်စိမ်းနှင့် ဟိုတယ်အမျိုးအစားတို့ကို အဓိကထား စိုက်ပျိုးကြသည်ဟုလည်း သိရသည်။
ရခိုင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများမဖြစ်ပွားမီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ခရီးသွားလာသူများပြား၍ ရာသီစာရခိုင်ဒေသထွက် ဖရဲသီးများမှာ ယခုနှစ်ထက် ပိုရောင်းအားကောင်းခဲ့သည်ဟုလည်း ဖရဲသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။