Preview

ရခိုင်တွင် AA က ယာဥ်စည်းကမ်းကြပ်မတ်မှုပြုလုပ်လာ၍ ဆိုင်ကယ်ဦးထုပ်ဝယ်လိုအားများပြီး ဈေးမြင့်တက်နေ

ကံ့ကော်နီနီ | ဖေဖော်ဝါရီ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :749
ရခိုင် သတင်း

ကံ့ကော်နီနီ ၊ နိရဉ္စရာ၊ဖေဖော်ဝါရီ ၃/၂၀၂၅

အာရက္ခတပ်တော်(AA)ထိန်းချုပ်မြိုနယ်များတွင် ယာဥ်စည်းကမ်းနှင့်ပတ်သက်၍ ကြပ်မတ်အရေးယူမှုများကိုစတင်ပြုလုပ်လာ၍ ဆိုင်ကယ် ဦးထုပ်ဝယ်လိုအားများနေပြီး ဈေးနှုန်းလည်းမြင့်တက်နေကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်မှုများကိုအရေးယူမည်ဟု ဇန်နဝါရီ ၃၁ ရက်တွင် AA က အမိန့်ထုတ်ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ အရေးယူမှုများပြုလုပ်လာ၍ ဆိုင်ကယ်ဦးထုပ်များဝယ်ယူသူများနေပြီး ယခင်ထက်ဈေးနှုန်း မြင့်တက်နေကြောင်း ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်များတွင် စုံစမ်းသိရှိရသည်။

ဒေသတွင်းက ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက "အရင်လတွေက ၄၅၀၀၀ ကျပ်ကနေ ၅၀၀၀၀ ကျပ်အတွင်းရှိတဲ့ဆိုင်ကယ်ဦးထုပ်တစ်လုံးကို ဒီနေ့ ဖေဖော်ဝါရီလ ၃ ရက်မှာ ၇၅၀၀၀ ကျပ်ကနေကျပ်တစ်သိန်းဝန်းကျင်အထိဈေးပေါက်နေတယ်။ ဝယ်လိုအားများလာလို့ပေါ့"ဟု ပြောသည်။

ဆိုင်ကယ်စီးသူများအနေဖြင့်ဆိုင်ကယ်ဦးထုတ် မပါဘဲ မောင်းနှင်ပါက မတော်တဆမှုဖြစ်ပွားပါကအသက်သေဆုံးမှုထိ ရှိသည့်အပြင်  ဦးခေါင်း၊ လက်၊ ခြေအပါအဝင်ကိုယ်အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ဆုံးရှုံးတတ်ကြောင်း သိရသည်။

blob

ယင်းအနက်ဦးခေါင်းတွင် ထိခိုက်မိပါက အသက်သေဆုံးစေနိုင်သလို မှတ်ဥာဏ်ချို့ယွင်းပြီးအာရုံကြောစနစ်များလည်း ပျက်စီးစေနိုင်သည်ဟု သိရသည်။

ယင်းကြောင့် ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်များကို မဖြစ်မနေ ဆောင်းရန်လိုအပ်သည်ဟုလည်း AA က ပြည်သူများကို အကြံပြုမှုများရှိသည်။

အာရက္ခတပ်တော်က ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲမောင်းနှင်သူများကို အရေးယူရာတွင် ဒဏ်ကြေးငွေတပ်ခြင်းတစ်စုံတစ်ရာမရှိဘဲ ထ,ထိုင် လုပ်ခိုင်းပြီး သတိပေးခြင်းများပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။

ကျောက်တော်မြို့ခံအမျိုးသားတစ်ဦးက "မနက်ပိုင်းက ဦးထုပ်မပါဘဲသွားမိတယ်။ ဆိုင်ကယ်ရပ်ပြီး ထ, ထိုင် ဆယ်ခေါက်လုပ်ခဲ့ရပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယာဥ်စည်းကမ်းအရအရေးယူသည်ဆိုသော်လည်းယခုကဲ့သို့ လူပုံအလယ်တွင် ထ,ထိုင် လုပ်ခိုင်းမှုများမှာ ပြည်သူများကို ကာအိန္ဒြေမဲ့စေကြောင်း ဝေဖန်ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်၊ ညနေပိုင်းက ပေါက်တောမြို့နယ်၊ မြင့်ဂါရွာနှင့် မဟာရံဘုရားကြားတွင် ဆိုင်ကယ်မတော်တဆတိုက်မှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၁၁ နာရီကျော်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဂန့်ဂေါ်တစ်ထောင်ဘုရားအရှေ့ဖက်လမ်းမပေါ်တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆောင်ရွက်နေသည့် AA ၏ ယာဥ်ထိန်းရဲများအားတွေ့ရစဥ်။ (Photo- APM)


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.