သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၅/၂၀၂၅
အာရက္ခတပ်တော် (AA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ထိုးစစ်သည်ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သို့ ရောက်ရှိမည်စိုး၍ စစ်ကောင်စီက ရိုးပေါ်တွင် ခံစစ်အကြီးအကျယ်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့နယ်၊ရိုးပေါ်အဆုံးနှင့် ပဲခူးတိုင်းအစအစပ်အကြားရှိ ရိုးပေါ်တိုက်ပွဲတွင် AA ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့၏ ထိုးစစ်သည် စစ်ကောင်စီထိန်းချုပ်ထားသည့်ဥသျှစ်ပင်၊ ပြည်မြို့နယ်ဖက်ရှိ ကပစ စက်ရုံများသို့ ရောက်လာနိုင်၍အလွယ်တကူမရောက်လာနိုင်အောင် စစ်ကောင်စီက ရိုးပေါ်ရှိညောင်ကျိုးနှင့်ချင်းကုန်းကျေးရွာတွင် စစ်သည်အင်အား၊ လက်နက်အင်အား၊ တင့်ကား၊ ဖောကားများ၊ ဒရုန်းများဖြင့် ခံစစ်အခိုင်အမာပြင်ဆင်လျက်ရှိသည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီစစ်သည်အင်အားတွေကပြည်တို့၊ ဥသျှစ်ပင်တို့၊ မင်းတုန်းတို့ဖက်ကနေရိုးကိုတောက်လျှောက်ပို့နေတာ။ ကပစ စက်ရုံတွေကိုလည်း ဖြည့်တယ်။ ခံစစ်ကတော့မိုးထိတောင်စခန်းက ဆင်းရင် ညောင်ကျိုးနဲ့ချင်းကုန်းကအင်အားအများဆုံး။ အဲဒီစခန်းတွေမှာခံစစ်တွေအကြီးအကျယ်ပြင်နေတယ်။ အဲဒီစခန်းတွေကျရင် ကပစကိုရောက်ပြီ"ဟုပြောသည်။
တပ်မ( ၈၈) နှင့် တပ်မ(၉၉)ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတုန်းမြို့၊ ပြည်မြို့၊သရက်မြို့စသည့်မြို့များတွင် စခန်းဂိတ်များတိုးချဲ့ချထားသည်ဟု သိရသည်။
စစ်အင်အားများကို ယင်းဂိတ်များမှ ပန်းတောင်းလမ်းဆုံ၊ ယင်းမှတဆင့် ဥသျှစ်ပင်မြို့နယ် ကပစ (၆)နှင့် ကပစ (၉)သို့ဖြည့်ကာ ယင်းမှတဆင့် ရိုးပေါ်သို့အင်အားဖြည့်တင်းပြီး စစ်ရေးအရလှုပ်ရှားနေသည်ဟု ဒေသခံသတင်းအရင်းအမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
" တပ်မ ၈၈ က မင်းတုန်းမြို့ဖက်ကနေစပြီး သရက်မြို့၊ ပြည်မြို့တွေမှာဂိတ်တွေလုပ်ထားတယ်။ ကုန်ပစ္စည်းအတင်အပို့လည်း မလုပ်ရဘူး။ သူတို့လူတွေလွတ်လွတ်လပ်လပ်သွားလို့ရအောင်လို့။ လမ်းတစ်လျှောက် တပ်မ (၈၈)က လုံခြုံရေးယူပေးတယ်" ဟု ပြောသည်။
ကပစ(၆)သည် ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ သံရည်ကျိုစက်ရုံ ဖြစ်သည်။
ကပစ(၉)စက်ရုံသည် ဥသျှစ်ပင်မြို့၊ ကျောက်ဖူးကျေးရွာအနီးတွင်ရှိပြီး ထိုစက်ရုံတွင်ကျည်ဆံများကို အဓိက ထုတ်လုပ်သည်ဟု သိရသည်။
ယင်းအပြင်ကပစ (၆)စက်ရုံအနီးမှ ညောင်ခြေထောက်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီးလုံခြုံရေးယူထားကာ ရွာသားတချို့မှာထွက်ပြေးနေရပြီး တချို့မှာပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် တောင်ကုတ်ရိုးပေါ်ရှိ ညောင်ကျိုး၊ ချင်းကုန်းကျေးရွာအလွန်တွင် တိုက်ပွဲများဆက်လက်ရှိနေသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ညောင်ကျိုးနှင့်ချင်းကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အမြောက်တပ်ရှိပြီး လက်နက်ကြီးများပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။
ဓာတ်ပုံ - ပုံဟောင်း
--------------