Preview

ရခိုင်မှ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များတွင် ဆေးဝါးနှင့် ကြက်စာ အရေးတကြီး လိုအပ်နေ

ကြိုင်ဟိန်းလင်း | ဖေဖော်ဝါရီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :319
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၅

ရခိုင်ပြည်မှ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များတွင် ဆေးဝါးနှင့် ကြက်စာများ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု လုပ်ငန်းရှင်များက ပြောဆိုကြသည်။ 

ဥစား‌ကြက်များအတွက် လိုအပ်သည့်အစာကို မရရှိ၍ ကြက်ဥ ဥနှုန်းကျဆင်းနေသလို ဆေးဝါးမရှိ၍လည်း ကြက်သေဆုံးမှုများရှိသည်ဟု ကျောက်တော်မြို့နယ်မှ ကြက်မွေးမြူးရေးလုပ်ငန်းရှင် ကိုနေကျော်ဌေးက ပြောသည်။

"ကြက်လုပ်ငန်းက ရခိုင်ပြည်မှာ အဆင်မပြေဖြစ်သွားပြီ။ ဆေးဝါးအခက်အခဲရယ်။ ကြက်သားပေါက်အခက်အခဲရယ်။ အခက်အခဲတွေကတော့ စုံနေတာပဲ။ ကြက်ဥဈေးနှုန်းလည်း အခက်အခဲဖြစ်နေတယ်။ အစာစရိတ်ဈေးကြီးတာရယ်။ ကြက်မတွေက ဥနှုန်းမမှန်တာတွေရယ်။ အားလုံးပေါင်းစပ်လိုက်ရင် အ‌ဆင်မပြေဘူး" ဟု ပြောသည်။

ယခင်က ကြက်သားပေါက်၊ ကြက်စာ၊ ဆေးဝါးတို့အတွက် ကြက်မွေးမြူးရေးလုပ်ငန်းရှင်များမှာ ပြည်မကို မှီခိုအားထားခဲ့ကြပြီး ၂၀၂၃ ခုနှစ်မှ စတင်ကာ တကျော့ပြန် ရခိုင်တိုက်ပွဲစတင်ပြီးနောက် ကုန်စည်စီးဆင်းမှုများအားလုံးမှာ ရပ်တန့်သွားခဲ့သည်။

ထို့ကဲ့သို့ ရပ်တန့်သွားသည့်အတွက် ကြက်စာအဖြစ် ဆန်ခွဲ၊ ဖွဲ့နု၊ ပဲဖတ်တို့ကို ရောနှောကာ ကျွေးနေရသည့်အတွက် ကြက်ဥနှုန်းလည်းမမှန်သလို ရလာသည့် ကြက်ဥများမှာလည်း ကယ်လိုရီပြည့်မီမှုမရှိဟု ဆိုကြသည်။

ထို့အပြင် မွေး‌မြူးရေးလုပ်ငန်းရှင်များမှာ ကြက်သားပေါက်များ ရရှိရန်အတွက်လည်း မလွယ်ကူဟု သူကဆက်ပြောသည်။

blob
ဓာတ်ပုံ - ရခိုင်မှ ကြက်မွေးမြူရေးခြံတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်ကတွေ့ရစဥ်။

"ကြက်သားပေါက်တွေ ဝယ်ယူဖို့အတွက်ကလည်း မလွယ်ကူတော့ဘူး။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်‌ဖက်ကတော့ ကြက်သားပေါက်တွေ ဝယ်ရင်ရနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ပိုက်ဆံတွေ ပို‌ကုန်သွားတာပေါ့" ဟု ပြောသည်။

ယခင်က ကြက်သားပေါက်တစ်ကောင်ကို မြန်မာငွေ ၂၅၀၀ ကျပ်ခန့်သာရှိခဲ့ပြီး ယခုကာလတွင် ကြက်သားပေါက်တစ်ကောင်ကို ကျပ် ၁၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိရခိုင်ပြည်ဈေးကွက်တွင် အိန္ဒိယမှ ဝင်လာသည့် ကြက်ဥတစ်လုံး၏ ဈေးနှုန်းမှာ မြန်မာငွေကျပ် ၅၀၀ ဝန်းကျင်သာရှိသော်လည်း ဒေသမှထွက်ရှိသည့် ကြက်ဥတစ်လုံး၏တန်းဖိုးကို ကျပ် ၈၀၀ ခန့်ဖြင့် ရောင်းချနေရသည်ဟု သူက ဆိုသည်။

"ကျနော်တို့မှာ ကြက်တစ်ကောင်ရဲ့ အစာစားစရိတ်က တစ်နေ့ကို ၃၅၀ လောက်ကုန်တယ်။ နောက် အလုပ်သမားဈေးတွေရှိသေးတယ်။ အဲဒီကလာတဲ့ကြက်ဥဈေးနှုန်းကို ယှဉ်ပြီးတော့ ရောင်းလိုက်ရင် ကိုယ့်အတွက် မကျန်တော့ဘူး" ဟု ပြောသည်။

ကြက်များမှာ ယခင်ကဲ့သို့ လိုအပ်သောအစာများကို မစားရဘဲ ဆန်ခွဲ၊ ဖွဲ့နု၊ ပဲဖတ်များကိုသာ စားသုံးနေရသည့်အတွက် ကြက်ဥအနှစ်များမှာလည်း ဖြူဖတ်‌ဖြူရော်ဖြစ်ပေါ်နေ၍ လူကြိုက်နည်းလျက်ရှိသည်။

ထိုကဲ့သို့ အခက်အခဲများကို ရင်ဆိုင်နေကြရသည့်အတွက် မွေးမြူးရေးလုပ်ငန်းရှင်များမှာ ရှေ့ဆက်လုပ်ရမည်ကိုပင် စိတ်ကုန်နေကြသည်ဟု ကိုနေကျော်ဌေးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ဆေးဝါး၊ ကြက်စာများနှင့် ကြက်သားပေါက်အခက်အခဲကြောင့် ရခိုင်မှ ဥစားကြက်မွေးမြူရေးလုပ်ငန်းအများစု ရပ်နားထားရသည်ဟု သိရသည်။

#မွေးမြူရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.