Preview

AA ထိန်းချုပ်ထားသည့် ဂွနှင့်ရသေ့တောင်ကို တစ်ရက်တည်းအတွင်း စစ်ကောင်စီကဗုံးလာကြဲ၍ လူ ၁ဦးသေဆုံးပြီး၆ ဦးဒဏ်ရာရကာနေအိမ်တချို့ပျက်စီး

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :1504
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ဖေဖော်ဝါရီ ၈/၂၀၂၅

အာရက္ခတပ်တော်( AA) ထိန်းချုပ်ထားသည့် ရခိုင်ကဂွနှင့် ရသေ့တောင်မြို့နယ်၂ ခုကို ဖေဖော်ဝါရီ ၈ ရက်နေ့ တစ်ရက်တည်း အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲ၍ အရပ်သား၁ဦးသေဆုံးပြီး၆ ဦး ဒဏ်ရာရကာ  နေအိမ်တချို့ပျက်စီးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူဂွမြို့နယ်၊ ကျိန္တလီမြို့၊အမှတ် (၁)ရပ်ကွက်မှအမျိုးသား တစ်ဦး‌ဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးထဲတွင် အမျိုးသမီးများလည်းပါဝင်ကြောင်း သိရသည်။

သံတွဲဒေသခံတစ်ဦးက " ကျိန္တလီ ဘိုတဲဆိုတဲ့အဆောက်အအုံကို AA ရှိတယ်အထင်နဲ့လာပစ်တာ။အဆောက်အအုံတစ်ခုလုံးပြိုကျသွားတယ်။ အခု သေဆုံးထိခိုက်ဒဏ်ရာရတာက အဲ့ဒီပတ်ဝန်းကျင်က လူတွေပါ ။ အိမ်တချို့လည်းပျက်စီးတယ်။ထိခိုက်ပျက်စီးမှုပမာဏတန်ဖိုးကိုတော့ ခန့်မှန်းလို့မရဘူး "  ဟု ပြောသည်။

အာရက္ခတပ်တော်သိမ်းပိုက်ထားသည့်ဂွမြို့နယ်၊ကျိန္တလီမြို့ အမှတ် (၁)ရပ်ကွက်၊ဘိုတဲ အဆောက်အအုံကို  ဖေဖော်ဝါရီ ၈ရက်နေ့လယ် ၁၂နာရီ ကျော်ခန့်က စစ်ကောင်စီ၏ဂျက်ဖိုက်တာတစ်စီးမှ ပေါင် ၅၀၀ဗုံးကြဲချခဲ့၍ယခုလို အရပ်သားများ ထိခိုက်သေဆုံးခဲ့ရကြောင်း ၎င်းကပြောဆိုသည်။

အလားတူဖေဖော်ဝါရီ၈ ရက် ညနေ ၇နာရီခွဲအချိန်က စစ်တွေ၊ပါဒလိတ်တဖက်ကမ်းတွင်တည်ရှိသည့်  ရသေ့တောင်မြို့နယ်မှမူစဲကျွန်းကိုလည်းစစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" လက်ပံပင်ရင်းနဲ့ညောပင်လည်‌ကျေးရွာကြား ပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးချတာပါ။  ပြည်သူထိခိုက်မှု တော့ မရှိခဲ့ဘူး။ နေအိမ်တချို့တော့ပျက်စီးမှုရှိခဲ့တယ်။ရွာသားတွေကတော့ ရှောင်တဲ့သူကရှောင် နေတဲ့သူကနေပေါ့" ဟု ပြောသည်။

စစ်တွေမြို့နယ်နှင့် ကပ်ရပ်တည်ရှိသည့် ရသေ့တောင်မြို့နယ်မှ မူစဲကျွန်းကို စစ်ကောင်စီက ဗုံးလာကြဲခြင်းသည် စစ်တွေမြို့အား အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုနှင့် ဆက်စပ်နိုင်ပြီး အဆိုပါနေရာများကနေ လက်နက်ကြီးပစ်သည်ဟု ယူဆကာ ဗုံးလာကြဲခြင်း ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

အာရက္ခတပ်တော်သည် ဖေဖော်ဝါရီ ၇ရက်နေ့ ည ၁၁နာရီမှ   ဖေဖော်ဝါရီ ၈ ရက်နံနက် ၅နာရီအထိ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများ၊ စစ်စခန်းများကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီစခန်းများအတွင်း ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။  

စစ်ကောင်စီသည်ရခိုင်ပြည်အတွင်း လူနေကျေးရွာများကို ဆက်လက် ဗုံးကြဲနေပြီး  ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း  ဂွမြို့၊ ကျိန္တလီမြို့နယ်ရှိကန့်ကော်တောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်၍သာသနာ့အဆောက်အအုံများနှင့် နေအိမ်များပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး၂၀၂၄ ခုနှစ်သည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်ပြီးဖြစ်စဉ်ပေါင်း ၁,၀၅၄ ခု အထိရှိခဲ့ကြောင်း နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)၏ အစီရင်ခံစာအရ သိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.