သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၅
ရခိုင်ပြည်မြို့တော်စစ်တွေရှိအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများ၊ စခန်းများကို အာရက္ခတပ်တော် (AA)က လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်လာပြီးနောက်ကျောက်ဖြူရှိတပ်ရင်း ၂ ခုမှလည်း ပေါက်ကွဲသံတစ်ချက်နှင့်အတူ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်လာခဲ့ကြောင်းဒေသခံများကပြောကြားသည်။
ပေါက်ကွဲသံနှင့်ပစ်ခတ်သံများကို ကျောက်ဖြူမြို့ရှိ အမှတ်(၃၂) ရဲတပ်ရင်းနှင့်တော်မော်ဦး ရေတပ်စခန်းဖက်မှဖေဖော်ဝါရီ ၈ ရက်နေ့ ညအချိန်တွင်ကြားခဲရပြီး၁၅မိနစ်ခန့်ထွက်ပေါ်ခဲ့သည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ရဲတပ်ရင်း(၃၂)ဖက်ကလည်း လက်နက်ငယ်ပစ်ခတ်သံတွေ ၁၅မိနစ်လောက်ထွက်ခဲ့တယ်။အပြန်အလှန်ပစ်တာလားဆိုတာတော့ ခန့်မှန်းလို့မရဘူး။ဒါပေမယ့်ဒီတစ်ခါ ပစ်တာကတော့ ခါတိုင်းထက်အချိန်ကြာတယ်။ တောင်မော်ဦးရေတပ်စခန်းဖက်ကလည်း ဒီအတိုင်း လက်နက်ငယ်သံတွေ၊လက်နက်ကြီးသံတွေထွက်ခဲ့တယ်။ နောက်တခုက ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်။ ဘယ်နားက ပေါက်တာလဲ။ဘာဖြစ်တာလဲဆိုတာ ကျနော်တို့မသိနိုင်ဘူး " ဟုဆိုသည်။
ရခိုင်ပြည်တွင် AA ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့် မြို့ ၃ မြို့ ကျန်နေသေးရာ စစ်တွေနှင့် ကျောက်ဖြူတွင် သေနတ်ပစ်ခတ်သံများကို ယခင်ကထက် ခပ်စိတ်စိတ် ကြားလာရပြီး စစ်ရေးအခြေအနေများတင်းမာလာနေသည်ဟု သိရသည်။
ရခိုင်စစ်ရေးအခြေအနေကိုစောင့်ကြည့်နေသူ ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက" သူတို့ကအခုဆိုရင် ညအချိန်တွေကိုပိုသတိထားလာတယ်။မဲမဲမြင်ရင် လိုက်ပစ်တာမျိုးရှိတယ်။ နွားတို့ ခွေးတို့သွားနေရင်တောင် အဝေးကနေဆိုရင် အရိပ်ပဲမြင်ရတယ်လေ။ အဲ့ဒါကြောင့်သေနတ်ဖောက်တာမျိုးတို့၊ဘာတို့လည်းကြားရတယ် " ဟုပြောသည်။
တောင်မော်ဦးရေတပ်စခန်းအနီးရှိ ကုလားပုန်းတောင်ပေါ်မှ စစ်ကောင်စီကလက်နက်ကြီး/ငယ်များ၊ဒရုန်းများဖြင့် အနီးအနားပတ်ဝန်ကျင်ကို ပစ်ခတ်မှုရှိနေပြီး အမှတ်(၃၂)ရဲတပ်ရင်း၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်မှလည်း လက်နက်ကြီးများဖြင့်မကြာခဏ ပစ်ခတ်နေ သည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ လက်နက်ငယ်သံများတဖန်ပြန်ထွက်ပေါ်လာခြင်းမှာစစ်တွေသတင်းကိုကြားရပြီးနောက် ကျောက်ဖြူရှိ စစ်တပ်ရင်းများကိုလည်း AA ထိုးစစ် အချိန်မရွေးလာနိုင်သည့် သံသယဖြင့် စစ်ကောင်စီမှသွေးရူးသွေးတန်းဖြစ်ကာ လက်နက်ငယ်များ ပစ်ခတ်လာခြင်းဖြစ်နိုင်သည်ဟု၎င်းက ပြောဆိုသည်။
ကျောက်ဖြူမှာဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်စခန်း၊ ခြေလျင်တပ်ရင်း ခလရ (၃၄)၊ခမရ (၅၄၂)၊ ခမရ (၅၄၃) နဲ့ အမှတ် (၃၂) ရဲ တပ်ရင်းတို့ အခြေစိုက်ထားသည်။
ကျောက်ဖြူရှိစစ် ကောင်စီ၏ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)တို့တွင်လည်း AA ထိုးစစ်လာမည်ကို ထိတ်လန့်နေကြသည့်အတွက် ခံစစ်များကိုအကြီးအကျယ်ပြင်ဆင်ထားပြီး လုံခြုံရေးများကိုလည်းနေ့ညမပြတ်ချထားကြောင်း သိရသည်။
အာရက္ခတပ်တော်သည်ဖေဖော်ဝါရီ ၇ရက်နေ့ည ၁၁နာရီခန့်မှ ဖေဖော်ဝါရီ ၈ရက်နံနက် ၅နာရီအထိစစ်တွေ အခြေစိုက် တပ်ရင်းများ၊ စခန်းများကို လက်နက်ကြီးများဖြင့်ပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။