Preview

AA သိမ်းပိုက်ထားသည့် ရခိုင်ရိုးပေါ်မှစခန်းများကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်စစ်ကောင်စီတပ် အကျအဆုံးများစွာဖြင့် နောက်ပြန်ဆုတ်သွားခဲ့ရဟုဆို

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :2712
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၅

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ရိုးပေါ်မှစခန်းကို အလုံးအရင်းဖြင့်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သော်လည်းAA ၏ တိုက်ခိုက်ရေး စွမ်းရည်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာမယှဉ်နိုင်ဘဲ အကျအဆုံးများစွာဖြင့်ပြန်လည်နောက်ဆုတ်ခဲ့ရကြောင်း  ဒေသခံ မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" စစ်ကောင်စီဖက်ကတော့ ပြည်၊ဥသျှစ်ပင်ကနေအင်အားတွေအများကြီးဖြည့်တယ်။ ပြီးရင် AAသိမ်းတဲ့စခန်းတွေကို ပြန်ထိုးစစ်ဆင်တယ်။ လမ်းတစ်ဝက်တောင်မရောက်၊နောက်ပြန်ဆုတ်ရတယ်။ သေတဲ့သူနဲ့ဒဏ်ရာရသူတွေလည်းအများကြီး။ စစ်ကောင်စီက တိုက်ပွဲတွေမှာ ပြည်သူ့စစ်မှုထမ်းစစ်သားတွေတွေကိုပဲအသုံးများတယ်လေ " ဟု၎င်းက ပြောသည်။

ရခိုင်ပြည်တောင်ကုတ်-ပဲခူးအစပ်ရိုးပေါ်မှ အာရက္ခတပ်တော်သိမ်းပိုက်ထားသည့်မိုးထိတောင်စခန်းကို ညောင်ကျိုးနှင့်ချင်းကုန်းစခန်းတို့တွင်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်သော်လည်း AA ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် စစ်ကောင်စီတပ်သားများရှေ့မတိုင်းနိုင်ဘဲပြန်လည်နောက်ဆုတ်သွားခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

AA သိမ်းပိုက်ထားသည့်စစ်ကောင်စီစခန်းများကို စစ်ကောင်စီဖက်မှ ဇွဲ့မလျှော့ဘဲလေကြောင်းပစ်ကူ၊အမြောက်ကြီးပစ်ကူများဖြင့် အင်အားအလွန်အကျွံသုံးကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေသည်ဟု ဒေသစစ်ရေးရင်းမြစ်များက ပြောကြားသည်။

အလားတူ အမ်း- ပဒါန်းလမ်းပေါ်ရှိ AAသိမ်းပိုက်ထားသည့်စခန်းများကို ပြန်လည် ထိုးစစ်ဆင် ဆင်သော်လည်း အကျအဆုံးများဖြင့်သာပြန်နောက်ဆုတ်သွားခဲ့ရသည်ဟု အမ်းဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"AAသိမ်းထားတဲ့ဂုတ်စည်းစန်းကိုပြန်တက်ဖို့ နတ်ရေကန်ကနေ ဆင်းလာတဲ့စစ်သားရယ်။ နတ်ရေကန်အောက်ကစခန်းလေးတွေကစစ်သားတွေပူး ပေါင်းပြီး ထိုးစစ်ဆင်တယ် ။ဒါပေမယ့်ဂုတ်စည်းကိုမရောက်ဘူး။မထုံဂိတ်အထိပဲရောက်ပြီး နောက်ပြန်ဆုတ်ထွက်ပြေးရတယ် " ဟုပြောသည်။

အမ်း- ပဒါန်း (မင်းဘူး) ရိုးလမ်းသည် စစ်ရေးအရ အလွန်အရေးပါသလို တရုတ် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက် လိုင်းတို့၏ တရုတ်ကို ပို့လွှတ်သည့် စက်ခလုတ်များကို ထိန်းချုပ်ထားသော စက်ရုံများ တည်ရှိသဖြင့်  စစ်ကောင်စီအတွက် သေရေးရှင်ရေး တမျှ အရေးကြီးသော နေရာတစ်ခုဖြစ်သဖြင့် မကြာခဏ ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကို ပြုလုပ်နေသည်ဟု သိရသည်။

ရခိုင်ရိုးမနှင့်ထိစပ်နေသော ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းစသည့် တိုင်းသုံးတိုင်းတွင်စစ်ကောင်စီကတပ်များကို ပြန်စုဖွဲ့ပြီး လေကြောင်းအကူ၊ လက်နက်ကြီးပစ်ကူများဖြင့် AA သိမ်းပိုက်ထားသည့် စခန်းများကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ၏ အပြင်းအထန် ပြန်လည် ခုခံတိုက်ခိုက်မှုကြောင့်စစ်ကောင်စီထိုးစစ်များမှာ မအောင်မြင်ဘဲ ခံစစ်အနေအထားသို့ကျရောက်သွားခဲ့ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က နိရဉ္စရာကိုသုံးသပ်ပြောဆိုထားသည်။

ရခိုင်ရိုးမပေါ်မှစစ်ကောင်စီနှင့် အာရက္ခတပ်တော်ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏တိုက်ပွဲမှာလည်းစစ်ကောင်စီဖက်က အင်အားအများအပြားဖြည့်တင်းကာ တိုက်ခိုက်နေသဖြင့်  အချိန်ကြာမြင့်နိုင်သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။

ရခိုင်နှင့်ထိစပ်နေသည့်တိုင်းသုံးတိုင်းအားအာရက္ခတပ်တော်(AA)က တော်လှန်ရေးအသိ၊ တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့်ဗျူဟာမြောက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးကြီးမြင့်က လည်းနိရဉ္စရာ သုံးသပ်ပြောဆိုထားသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)


 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.