နောင်မင်းသူနိရဉ္စရာ၊ဖေဖော်ဝါရီ၁၀/ ၂၀၂၅
တောမီးကူးစက်လောင်ကျွမ်းရာမှရခိုင်ပြည်အနောက်ဘက်နယ်စပ်မောင်တော (၃)မိုင်သာစည်ကျေးရွာအနီးရှိစစ်ကောင်စီ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိဘတ်ဟိုးဟောင်း၂စီးနှင့်ဒေသခံပိုင်ငှက်ပျောခြံ၂ခြံမီးလောင်သွားခဲ့ကြောင်းသိရှိရသည်။
ဖေဖော်ဝါရီလ၈ရက်နေ့ညနေပိုင်းတွင် ၃မိုင်ဘုန်းတော်ကြီးကျောင်းနောက်ဘက်ကတောမီးလောင်မှုဖြစ်ပွားခဲ့ရာအဆိုပါတောမီးမှာသာစည်ကျေးရွာအနီးသို့ကူးစက်လောင်ကျွမ်းခဲ့ရာမှယခုလိုဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု မောင်တော(၃)မိုင်သာစည်ကျေးရွာသားတစ်ဦးကပြောသည်။
" ၃မိုင်ဘုန်းကြီးကျောင်းနောက်ကစပြီးတောမီးကစလောင်တာ။တိုက်ပွဲတွင်းထဲကကျန်နေခဲ့မိုင်းကိုကြောက်ပြီးခြုံတောတွေမရှင်းနိုင်သေးတော့မီးကူးစက်မူကအရမ်းမြန်တယ်။အဲဒီတောမီးကသာစည်ရွာဖက်ကိုပါကူးစက်လာခဲ့တာ။နေအိမ်တွေတော့ပါမသွားဘူး။ဒေသခံပိုင်ငှက်ပျောခြံ၂ခြံနဲ့လမ်းတစ်ဖက်ကဆောက်လုပ်ရေးဆိုက်ထဲကဘတ်ဟိုးဟောင်း၂စီးမီးထဲပါသွားတယ်။ဆောက်လုပ်ရေး ဆိုက်အဆောင်နဲ့ဘတ်ဟိုး၂စီးတော့မီးမလောင်ဘဲလွတ်ကျန်ခဲ့တယ်။ "ဟုပြောကြားသည်။
ဘတ်ဟိုးဟောင်း၂စီးနှင့်ငှက်ပျောခြံ၂ခြံ၏ပျက်စီးဆုံးရှုံးမှုမှာကျပ်သိန်းတစ်ထောင်ဝန်းကျင်ခန့်ရှိနိုင်ကြောင်းဒေသခံများကခန့်မှန်းပြောဆိုသည်။
၎င်းတောမီးလောင်မှုလောင်မှုမှာမောင်တောမြို့ဝင်လမ်းတစ်ဖက်ရှိဥပဒေရုံးပတ်ဝန်းကျင်သို့ထိမီးကူးလာသဖြင့်အာရက္ခတပ်တော်(AA) မီးသတ်ဌာနမှမီးသတ်သမားများကအပြင်းအထန်မီးငြှိမ်းသတ်ပေးခဲ့ကြရကြောင်းဒေသခံများကပြောဆိုသည်။
၃မိုင်ဈေးလမ်းဆုံ၌ဈေးဆိုင်ရောင်းချနေသည့်ဈေးဆိုင်သည်အမျိုးသားတစ်ဦးက" တောမီးက ၃မိုင်ဘုန်းကြီးကျောင်းနောက်ကပတ်ပြီး မောင်တောမြို့ဝင်လမ်းတောင်ဖက်က ဥပဒေရုံးအတန်းကိုတောမီးကကူးစက်လာတယ်။ အဲဒီ ရုံးတန်းမှာစစ်ကောင်စီဖက်ကမိုင်းထောင်ထားတာများစွာရှိနေတယ်။အဲဒါကြောင့်အာရက္ခတပ်တော်မီးသတ်ဌာနကမီးသတ်သမားများတွေ အပြင်အထန်မီးသတ်ခဲ့ကြရတယ်။ မဟုတ်ယင် မိုင်းတွေ တန်းစီပေါက်ကွဲပြီးဒုက္ခရောက်ကြရမှာ" ဟုပြောဆိုသည်။
ခြောက်သွေ့ရာသီတွင်ရခိုင်၌နှစ်စဉ်မီးလောင်မှုများရှိသဖြင့်မီးသတိထားရန်နှင့်မီးမပေါ့ဆရန်လိုအပ်ကြောင်းသက်ဆိုင်ရာမီးသတ်ဌာနကဆော်ဩများပြုလုပ်နေကြောင်းသိရသည်။