နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၅
မလေးရှားနိုင်ငံ၊ SB နယ်၊ မအေးဆိုးရွာအနီး ပြောင်းခြံတွင် ရခိုင်လူငယ်တစ်ဦးသည် ဓားခုတ်ခံရ၍ သေဆုံးသွားကြောင်း သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံရသူမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ရွှေတာမာကျေးရွာမှ အသက် ၂၆ နှစ်ခန့်အရွယ် ကိုမောင်ဌေးဝင်းဖြစ်သည်။
ကိုမောင်ဌေးဝင်းသည် သူအလုပ်လုပ်ကိုင်ရာ ပြောင်းခြံ၏ ထမင်းချက်ဆောင်တွင် အလုပ်အတူလုပ်ကိုင်နေသည့် ကျောက်ဖြူမြို့နယ်မှ အသက် ၄ဝ ခန့်အရွယ် ကိုနိုင်ဆိုသူနှင့်အတူ အရက်သေစာသောက်စားကြစဉ် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ ညဉ့် ၁ နာရီကျော်ခန့်၌ ကိုနိုင်က ဓားဖြင့်ခုတ်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု သူ၏ အခန်းဖော်သူငယ်ချင်းတစ်ဦးက နိရဉ္စရာကို ပြောသည်။
"၁၂ နာရီကျော်လောက်မှာ ကျွန်တော်နဲ့ဖုန်းပြောလိုက်ပါသေးတယ်။ စိုးရိမ်လို့ပေါ့နော်။ ကိုယ့်အဆောင်ကိုပြန်လာတော့လို့။ သူက မလာသေးဘူးပြောတယ်။ ပြီးတော့ ကျွန်တော်လည်း အိပ်ပျော်သွားတယ်။ သူတို့က ရန်ငြိုးရန်စတွေတော့ မရှိပါဘူး။ ဟိုတစ်ယောက်က အရက်မူးမူးနဲ့ဆိုတော့ အရင်လည်း လူသတ်နေကျဆိုတော့ သတ်တာနေမှာပေါ့" ဟုပြောသည်။
ထို့နောက် ယနေ့ နံနက် ၇ နာရီကျော်ခန့်တွင် အဆိုပါပြောင်းခြံ၌အလုပ်လုပ်နေသည့် ဇနီးမောင်နှံနှစ်ဦးက ထမင်းချက်အဆောင်သို့သွားစဉ် ဓားခုတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် ကိုမောင်ဌေးဝင်း၏ရုပ်အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
"လည်ကုတ်မှာ ဓားခုတ်ဒဏ်ရာရယ်။ လည်ပင်းကို ဓားမြှောင်နဲ့ထိုးထားတယ်။ ဘယ်ဘက်လက်တွေကိုလည်း လက်ဖျံကအစ အသားတွေကို ဓားနဲ့လှီးထားတာတွေ တွေ့တယ်"ဟု ပြောသည်။
မည်သည့်အတွက် ယခုကဲ့သို့ ဓားဖြင့်ခုတ်သွားသည်ကို မသိရသေးသလို ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟုလည်း သိရသည်။
လက်ရှိတွင် ကိုမောင်ဌေးဝင်းသေဆုံးမှုနှင့်ပတ်သက်ပြီး မလေးရှားရဲများက စစ်ဆေးမေးမြန်းလျက်ရှိပြီး အမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးရန် မလေးရှားရှိ ရခိုင်အဖွဲ့အစည်းအချို့ကိုလည်း တိုင်ကြားထားကြောင်းလည်း သေဆုံးသူနှင့်နီးစပ်သူက ပြောသည်။
သေဆုံးသူ ကိုမောင်ဌေးဝင်းသည် မလေးရှားတွင် အလုပ်လုပ်နေသည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် သူ၏မိသားစုနှင့် ဖုန်း၊ အင်တာနက်အခက်အခဲကြောင့် အဆက်အသွယ်မရသေး၍ သူသေဆုံးမှုကို အသိမပေးရသေးဟုလည်း သိရသည်။
သေဆုံးသူ ကိုမောင်ဌေးဝင်းနှင့် ကိုနိုင်တို့သည် အဆိုပါပြောင်းခြံတွင် အလုပ်လုပ်ကိုင်နေသည်မှာ တစ်လခန့်သာရှိသေးကြောင်းလည်း သိရသည်။
ကိုနိုင်သည် အဆိုပါပြောင်းခြံနှင့် မနီးမဝေးတွင်ရှိသည့် ခရမ်းခြံတွင်အလုပ်လုပ်စဉ်ကလည်း ရခိုင်အမျိုးသားတစ်ဦးအား လည်ကုတ်ကို ပေါက်တူးဖြင့် ခုတ်ခဲ့ဖူးသည်ဟု သိရသည်။
ယင်းဖြစ်စဉ်အတွင်း အသက်သေဆုံးမှုမရှိခဲ့သော်လည်း ကျူးလွန်ခံရသူ၏လည်ကုတ်ဒဏ်ရာကို ဆေးရုံတွင် ဆေးကုသခံလိုက်ရကြောင်းလည်း သိရသည်။
Photo - သေဆုံးသူ ကိုမောင်ဌေးဝင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)