နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄ /၂၀၂၅
ရခိုင်ပြည်တွင် စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများကို ဖြတ်တောက်ပိတ်ဆို့ထားသည့်အတွက် နှစ်ဘီးဆိုင်ကယ်များ ဈေးအဆမတန်မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
ရခိုင်တွင် တိုက်ပွဲကာလအတွင်း ပြည်မဘက်နှင့် ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်ထားသည့်အတွက် ဆိုင်ကယ်အဝင်မရှိတော့၍ ဆိုင်ကယ်ဈေးနှုန်းများမှာ ယခင်ထက် ဈေးနှုန်းအဆမတန်မြင့်တက်နေခြင်းဖြစ်သည်ဟု ဒေသခံ ဆိုင်ကယ်ရောင်းနေသူတစ်ဦးက ပြောကြားသည်။
"ရခိုင်စစ်ပွဲတွေဖြစ်လာပြီး ပြည်မနဲ့ ဆက်သွယ်မှုပြတ်သွားတဲ့အချိန်မှာ အရင် ကျပ် ခုနစ်သိန်း၊ ရှစ်သိန်းလောက်ပဲရှိတဲ့ ရိုးရိုးဆိုင်ကယ်တစ်စီးကို အခုတော့ ကျပ်သိန်း ၃၀ ကျော်ကနေ ၄၀ ကျော်အထိဈေးမြင့်တက်နေတယ်"ဟု ပြောသည်။
ရခိုင်တွင် လူသုံးအများဆုံး ဆိုင်ကယ်အမျိုးအစားများဖြစ်သည့် ဆီဇက်အမ် KENBO နှင့် ငါးရိုးဆိုင်ကယ်များမှာ ယခင် တိုက်ပွဲမဖြစ်မီက အသစ်တစ်စီးလျှင် ငွေကျပ်ခုနစ်သိန်းခန့်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်သိန်း ၃၀ ကျော်၊ ၄၀ အထိမြင့်တက်နေခြင်းဖြစ်သည်။
ထိုင်းနှင့်ဂျပန်နိုင်ငံထုတ် ဆိုင်ကယ်များဆိုလျှင် ပိုမိုဈေးကောင်းရလျက်ရှိကြောင်း ဆိုင်ကယ်ရောင်းချသူများက ပြောသည်။
လက်ရှိ ရခိုင်ဒေသ၌ ထိုင်းနိုင်ငံလုပ် Dream အမျိုးအစား တစ်ပတ်ရိုက် ဆိုင်ကယ်များမှာ မော်ဒန်အလိုက် တစ်စီးလျှင် မြန်မာကျပ်ငွေ သိန်း ၃၀ မှ သိန်း ၆၀ ကျော်အထိ ဈေးမြင့်တက်လျက်ရှိနေသည်ဟုလည်း ဆိုင်ကယ်ရောင်းချသူ ကုန်သည်တစ်ဦးက ပြောသည်။
"တရုတ်ဆိုင်ကယ်တွေထက် ထိုင်းနဲ့ ဂျပန်ဆိုင်ကယ် တစ်ပတ်ရိုက်တွေ ဈေးမြင့်နေပါတယ်။ ထိုင်း Dream ဆိုင်ကယ် မော်ဒန်မြင့်တစ်စီးကို မြန်မာကျပ်ငွေ ကျပ်သိန်း ၆၀ ကျော်တယ်။ ဂျပန်ဆိုင်ကယ်တွေဆို ပိုဈေးမြင့်နေတယ်"ဟု ပြောဆိုသည်။
ရခိုင်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များလည်း တစ်မြို့မှ တစ်မြို့၊ တစ်နေရာမှ တစ်နေရာသို့ ကူးလူးဆက်ဆံသွားလာနေကြရာ နှစ်ဘီးဆိုင်ကယ်များမှာ ခရီးသွားလာရေးအတွက် မရှိမဖြစ်လိုအပ်လျက်ရှိနေကြသည်။
ဒေသခံအမျိုးသားတစ်ဦးက "အခုအချိန်မှာ ခရီးသွားလာဖို့အတွက် နှစ်ဘီးဆိုင်ကယ်က အဓိကကျနေတယ်။ ကားတွေဆို စက်သုံးဆီစရိတ်နဲ့ ကိုက်ပြီး သွားနေရတော့ ဆိုင်ကယ်နဲ့သွားတာလောက် အကုန်အကျ မသက်သာဘူး"ဟုပြောဆိုသည်။
ယင်းအပြင် ဒေသတွင်း ဆိုင်ကယ်လိုအပ်ချက်မြင့်မားနေသည့်အတွက် တစ်ပတ်နွမ်းဆိုင်ကယ်များကိုလည်း ရောင်းချဝယ်ယူမှု တွင်ကျယ်လျက်ရှိသည်ဟု သိရသည်။
တစ်ပတ်နွမ်းဆိုင်ကယ်များမှာ လက်ရှိကာလပေါက်ဈေးအရ ဆိုင်ကယ်အမျိုးအစားနှင့် ပစ္စည်းအကောင်းအဆိုးအပေါ်မူတည်ပြီး အနိမ့်ဆုံးဈေး ကျပ်ခုနစ်သိန်းကျပ်မှ အမြင့်ဆုံးဈေး ကျပ်သိန်း ၄၀ ကျော်အတွင်းရှိနေသည်ဟုလည်း စုံစမ်းသိရသည်။
တစ်ပတ်နွမ်းဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်များမှာ နယ်များမှဆိုင်ကယ်များကို လိုက်လံရှာဖွေ ဝယ်ယူပြီး တဆင့်ပြန်ရောင်းချနေကြခြင်းဖြစ်သည်။
နယ်မှဒေသခံများနှင့် မြို့ပေါ်မှစစ်ဘေးရှောင်လာသူများသည် လတ်တလောတွင် စားဝတ်နေရေး အခက်အခဲအကျပ်အတည်းကြောင့် ပါလာသည့် ဆိုင်ကယ်များကို ပြန်လည် ရောင်းချနေကြသည်။
ဝယ်ယူသူများမှာ လိုအပ်သည့်ပစ္စည်းများကို လှဲလှယ်တပ်ဆင်ပြီး တစ်ပတ်နွမ်းဆိုင်ကယ်များအဖြစ် ပြန်လည်ပြုပြင်ရောင်းချနေခြင်းဖြစ်သည်။
ဓာတ်ပုံ-ရခိုင်တွင်ရောင်းချနေသည့် နှစ်ဘီးဆိုင်ကယ်အသစ်များအား တွေ့ရစဉ်။