နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၅
ရခိုင့်ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ အဘောင်တော်အင်းအား အာရက္ခတပ်တော် (AA)က တူးဖော်ရှင်းလင်းပြီးနောက် အင်းဧရိယာအတွင်း ငါးနှင့် ငှက် မဖမ်းရအချက်အပါအဝင် အချက်လေးချက်ကို ထုတ်ပြန်တားမြစ်ထားသည်ဟု သိရသည်။
အဘောင်တော်အင်း ဧရိယာအတွင်း ထုတ်ပြန်တားမြစ်ထားသည့်အချက်များမှာ ငါးမဖမ်းရ၊ ငှက်မပစ်ရ၊ အဝတ်မလျှော်ရ၊ ရေမချိုးရစသည့်အချက်များဖြစ်ပြီး အင်းဧရိယာတစ်လျှောက် ဆိုင်းဘိုးများစိုက်ထူကာ ထုတ်ပြန်တားမြစ်ထားခြင်းဖြစ်သည်။
ယခုကဲ့သို့ တားမြစ်ထားမှုမှာ ဒေသမျိုးစိပ်များကို ထိန်းသိမ်းကာကွယ်ရာရောက်သည့်အတွက် ကောင်းသည့်အရာပင်ဖြစ်သည်ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
"ငှက်မပစ်ရ၊ ငါးမဖမ်းရဘူးဆိုတာကတော့ ဒေသမျိုးစိပ်ကို ထိန်းသိမ်းရာရောက်တာပေါ့။ ဒီလိုမျိုး သတ္တဝါတွေကို ထိန်းသိမ်းစောင့်ရှောက်တာက နိုင်ငံတကာမှာလည်း ဥပဒေရှိတယ်။ ရခိုင်မှာ ဒီလိုမျိုးလုပ်သင့်တာက ကြာပြီ။ ဒါပေမဲ့ အရင်အစိုးရလက်ထက်တွေမှာ လုပ်ပိုင်ခွင့်မရှိခဲ့တော့ မလုပ်နိုင်ခဲ့ဘူး။ အခု အာရက္ခတပ်တော်က ဒီလိုမျိုး လုပ်လိုက်တာ ကောင်းပါတယ်" ဟု ပြောသည်။
ထို့အပြင် ကုန်းနေ၊ ရေနေ သတ္တဝါများ အဥ ဥချချိန်နှင့် သားပေါက်ချိန်တို့တွင် ဖမ်းဆီးသတ်ဖြတ် ရောင်းချနေသည်ကိုလည်း တားဆီးသင့်သည်ဟု သူက ဆက်လက်ထောက်ပြသည်။
အဆိုပါအဘောင်တော်အင်းအား AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ဘတ်ဟိုးများဖြင့် တူးဖော်ပြီး ဒိုက်ဖောင်များကို ရှင်းလင်းကာ အင်းတစ်ခုလုံးအား သန့်ရှင်းရေးလုပ်ထားသည်ဟုလည်း မြို့ခံများက ပြောသည်။
မြောက်ဦးဒေသခံတစ်ဦးက "ဒိုက်ဖောင်တွေကို ရှင်းလင်းထားတယ်။ အဲဒီအင်းကို သန့်ရှင်းရေးကတော့ အရမ်းလုပ်ထားပါတယ်"ဟု ပြောသည်။
အဘောင်တော်အင်းအား သန့်ရှင်းရေး ပြုလုပ်ထားသော်လည်း ယင်းအင်းမှ ရေများကို မြို့အတွင်းသို့ ဖြန့်ဖြူးပေးဝေးခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိတွင် မြောက်ဦးမြို့၌ လက်ဆည်ကန်ဆည်နှင့် တောင်ဖြူဆည်တို့မှရေများကို မြို့တွင်းသို့ ဖြန့်ဖြူးပေးထားကြောင်း သိရသည်။
ရခိုင်မြို့ဟောင်း မြောက်ဦးမြို့ကို AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ရရှိထားသည်။
ထိုသို့ သိမ်းပိုက်ရရှိပြီးနောက်ပိုင်း မြောက်ဦးဒေသအတွင်း လမ်း၊ တံတားများကအစ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို AA က တစိုက်မတ်မတ် စတင်လုပ်ဆောင်လျက်ရှိသည်။
မြောက်ဦးမြို့တွင် ရှေးယခင်ရခိုင်ဘုရင်များလက်ထက်တည်းက လက်ဆည်ကန်၊ အနူမကန်အပါအဝင် တစ်မြို့လုံးကို ရေပေးဝေရန် ကန်ကြီးများနှင့် ဆည်များတူးဖော်ထားရှိခဲ့သည်။
သို့သော်လည်း လက်ရှိခေတ်တွင် ပြန်လည်တူးဖော်မှုများမရှိသဖြင့် ကန်များမှာ နှုံးနှင့်ဒိုက်များဖြင့်ပြည့်နှက်နေကာ ကန်ကောလာသလို တချို့ရေကန်များမှာ ရေအရောင်ပြောင်းလဲပြီး သုံစွဲရန် ခက်ခဲလာလျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ - အဘောင်တော်အင်းအားတူးဖော်ပြီးနောက် AA က အချက်လေးချက်ထုတ်ပြန်တားမြစ်ထားသည်ကိုတွေ့ရစဉ်။