(စစ်ကောင်စီတပ်မှစစ်မှုထမ်းတပ်သားသစ်များထွက်ပြေးမှုများပြားနေ)
လူထက်နိုင်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၅
ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့ အခြေစိုက် စစ်ကောင်စီ၏ အမှတ် (အမတ-၃၄၄) အမြောက်တပ်ကိုအာရက္ခတပ်တော်(AA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့ ယခုရက်ပိုင်းအတွင်း ဦးတည်ချီတက်တိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့မှလေးမိုင်ကျော်အကွာ မြောက်စမ်းရွာရှိ အဆိုပါအမြောက်တပ် (၃၄၄)အနီးတွင်ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲမှစ၍ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မွန်းလွဲပိုင်းအထိတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၎င်းစစ်ရေးရင်းမြစ်ကပြောသည်။
၎င်းစစ်ရေးသတင်းအမြစ်က “ဟိုရက်ပိုင်းကစာဥစမ်းမှာတိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က စာဥစမ်းကနေ နောက်ဖက်ဆုတ်တယ်။မြောက်စမ်းရွာအနားအထိ AA ရောက်သွားပြီ” ဟုပြောသည်။
စစ်ကောင်စီဖက်ကလည်း ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များအပါအဝင် စက်တပ်လေထီးများနှင့်ပါ အမြောက်တပ်ဖက်မှ ခုခံပစ်ခတ်တိုက်ခိုက်နေကြကြောင်းလည်း သိရသည်။
AA တပ်နှင့်တော်လှန်ရေးတပ်များသည် ၃၄၄ အမြောက်တပ်သို့ဦးတည်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေနံ့သာဂိတ်ဘက်မှနေ၍လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဟုဆိုသည်။
၃၄၄အမြောက်တပ်ရှိသည့် မြောက်စမ်းရွာနှင့် ငါးမိုင်ခန့်ကွာဝေးသည့်စာဥစမ်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့်ရက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကြောင်းစီတပ်တချို့ နောက်ဆုတ်ခဲ့ရကြောင်းသိရသည်။
အဆိုပါအမြောက်တပ်သည် ယခင်ကတည်းက ရခိုင်ပြည်၊ ဂွမြို့မှတပ်ဆုတ်လာသော စစ်ကောင်စီတပ်သားများနှင့် စစ်မှုထမ်းသစ်တပ်သားများတပ်စွဲနေထိုင်လျက်ရှိသည့် တပ်ဖြစ်သည်။
စစ်ကောင်စီတပ်သားတချို့၏တပ်တွင်းအနိုင်ကျင့်မှုနှင့် AA အားကြောက်လန့်မှုတို့ကြောင့်စစ်မှုထမ်းသစ်တပ်သားများ ထွက်ပြေးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
သီတာကုန်းမြေဒေသခံအမျိုးသားတစ်ဦးက “အဲဒီအမြောက်တပ်က အစကတည်းက ထွက်ပြေးတာတွေ ရှိတယ်။ ရခိုင်ဘက်ကဂွကိုတိုက်ပြီးကတည်းက အဲတပ်မှာနေချင်တဲ့သူမရှိဘူး။ အခု AA က တပ်အနားကိုဝိုင်းသလိုလုပ်ထားတာ။ သီတာကုန်းမြေမှာဆို အခု နေ့ရော၊ ညရော စစ်တပ်ကစစ်နေပြီ။ AA ဝင်လာမှာစိုးလို့ ရခိုင်ဘက်ကလာရင် စာဥစမ်း၊ မြောက်စမ်းရွာ၊သီတာ၊ ငသိုင်းချောင်း တဆက်တည်းပဲရှိတာ” ဟုပြောသည်။
AA ပူးပေါင်းတပ်ဖွဲ့တို့သည် ရခိုင် ဂွမြို့နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းထဲကမကျီးဇင်နှင့် ဘောမိဒေသတို့ကို သိမ်းပိုက်ထားပြီး လက်ရှိတွင်ငါးသိုင်းချောင်း၊ ရေကြည်နှင့် သာပေါင်းမြို့နယ်ဘက်တွင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဓာတ်ပုံ-AA( စစ်ကောင်စီထံမှ သိမ်းပိုက်ထားသည့် တင့်ကာများနှင့်အတူ အာရက္ခစစ်သည်တော်များကို တွေ့ရစဉ်/ပုံဟောင်း)