သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို စစ်ကောင်စီမှ မသ င်္ကာ၍ ခေါ်ယူ စစ်ဆေးခြင်းများရှိနေကြောင်း သတင်းရရှိသည်။
ကျောက်ဖြူ မြို့ထဲမှ စစ်ကောင်စီမသင်္ကာသည့် ဌာနဆိုင်ရာဝန်ထမ်းလူငယ်ပိုင်း တချို့ကို စစ်ကောင်စီမှ ယခုဖေဖော်ဝါရီ ဒုတိယအပတ်ခန့်မှ စ၍ စရဖ၊ ရဲထောက်လှမ်းရေး (SP)တို့မှ စစ်ဆေးမှုတွေရှိခဲ့ပြီး စစ်ကောင်စီ၏ထိန်းချုပ်ခြင်းကိုလည်းခံ နေရသည်ဟု ဌာနဆိုင်ရာနှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
" သူတို့မသင်္ကာတဲ့ ဝန်ထမ်းတွေဆိုရင် ခေါ်ပြီးစစ်တာတို့ရှိတယ်။ စရဖတို့ SBတို့ကအဓိကစစ်တာ အထူးသဖြင့် လက်ကိုင်ဖုန်းတွေပေါ့။ ဖုန်းလိုင်းသုံးတာကအစ ဖုန်းပြောတာတွေကိုစစ်တယ်။ ဝန်ထမ်းတွေက ရုံးတက်ရင်လိုင်းသုံးရတဲ့အခါမျိုးရှိတယ်။ပြီးတော့ အတွင်းသတင်းရုံးပိုင်ဆိုင်ရာသတင်းတွေအပြင်ကိုမပေါက်ကြားစေဖို့မှာတာရှိတယ်လို့ကြားတာပဲ " ဟုပြောသည်။
ဝန်ထမ်းများကို ငွေလွဲ၊ငွေထုတ်မှ အစ စစ်ကောင်စီမှ ယုံကြည်မှုမရှိ၍ သံသယစိတ်ဖြင့် စစ်ဆေးမေးမြန်းခြင်းလည်းရှိနေသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" ဝန်ထမ်းမိသားစု ငွေလွဲ၊ငွေထုတ်များတဲ့သူဆို ဒီငွေတွေဘယ်ကလွဲတာလဲ ။ ဘယ်သူ့ကိုပြန်လွဲမှာလဲကအစ မေးတာတွေရှိနေတယ်" ဟုပြောသည်။
နယ်ဒေသခံဝန်ထမ်းတချို့မှာ လစာငွေရရှိသော်လည်း ကုန်ဈေးနူန်းကြီးမားမှု၊ အိမ်ငှား၊အဆောင်ငှားစရိတ်လည်းပေးရသည့်အတွက် ထွက်ငွေ၊ဝင်ငွေမမျှဘဲ အခက်ခဲ ဖြစ်နေကြရသည်ဟု သူကပြောသည်။
" ကုန်ဈေးကလည်းကြီး အဆောင်ငှားခတွေလည်းပေးရတော့ ဝင်ငွေ၊ထွက်ငွေမမျှတ။ တချို့ကျောင်းဆရာမ၊တက္ကသိုလ်ဆရာမတွေကတော့ ကျောင်းထဲကအဆောင်ပေးထားတာတွေမှာနေကြတယ် " ဟုပြောသည်။
ယင်းအပြင် မိမိကျေးရွာနယ်ဖက်သို့ပြန်မည်ဆိုပါကလည်း ပြန်ခွင့်မပြုသည့်အပြင် ရန်ကုန်သို့လည်းမသွားရတော့ကြောင်း ဝန်ထမ်းများနှင့်နီးစပ်သူများကပြောသည်။
ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုံးမတက်လျှင် အလုပ်ဖြုတ်မည်၊ CDMအဖြစ်သတ်မှတ်မည်ဟု စစ်ကောင်စီမှ ပြောဆိုထားသဖြင့် ဝန်ထမ်းတချို့မှာလည်း ငွေကြေးလိုအပ်သည့်အတွက် လက်ရှိအချိန်ထိရုံးတက်နေဆဲဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်သည့် ရဲအပါအဝင်၊စာရေး၊ ကျောင်းဆရာများ ရခိုင်လူမျိုးဝန်ထမ်းများကို အဓိကထားစစ် ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့တွင် ဒေသခံများကို စစ်ဘေး ရှောင် သွားမည်စိုးရိမ်သဖြင့် ရပ်ကွက်တိုင်းတွင် စစ်ကောင်စီ၏စောင့်ကြည့် တင်းကျပ်မှုကို ခံနေရကြောင်း သိရသည်။