သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇/၂၀၂၅
ရခိုင်ပြည်နှင့်ပြည်မအစပ်တွင် တည်ရှိသည့် စစ်ကောင်စီ၏ တပ်စခန်းနေရာလေးခုကိုအာရက္ခတပ်တော်(AA)ဦးဆောင်သည့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။
AA ဦးဆောင်သည့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်သည့် တပ်စခန်းများမှာ အမ်း- ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်စွဲနေရာယူထားသည့် အထက်တုံးကြီး၊ အောက်တုံးကြီး၊ မထုံကျေးရွာရှိ စစ်စခန်းများနှင့်ရခိုင်-ပဲခူးအစပ် ဥသျှစ်ပင်- တောင်ကုတ်ရိုးလမ်းပေါ်ရှိ စစ်ကောင်စီ၏ အင်အား ၂၀၀ ရှိသည့် ပန်းကန်ကွဲစခန်းတို့ဖြစ်သည်။
အဆိုပါစခန်းလေးခုအနက် အထက်တုံးကြီး၊အောက်တုံးကြီး၊ မထုံကျေးရွာရှိ စစ်စခန်းနေရာသုံးခုကို AA ကယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် တပြိုင်တည်းသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
လက်နက်ခဲယမ်းများအပြင် စစ်ကောင်စီတပ်သား ၂၀ ကျော် ဖမ်းဆီးရမိထားသည်ဟုလည်း အမ်းဒေသခံမြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
"ဒီသုံးရွာမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေရာယူထားတာရှိတယ်။ ကံမြင့်ကန်နဲ့နတ်ရေကန်ကြားတွေကရွာတွေပေါ့။ မနေ့က သုံးနေရာစလုံးကို AA က သိမ်းလိုက်ပြီ။ လက်နက်ခဲယမ်းတွေနဲ့စစ်သား ၂၀ ကျော် အရှင်ဖမ်းမိတယ်" ဟု ပြောသည်။
အဆိုပါစခန်းသုံးခုမှ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်သားများမှာ နတ်ရေကန်ဖက်သို့နောက်ဆုတ်သွားခဲ့သည်ဟု သိရသည်။
ယင်းအပြင် ရခိုင်-ပဲခူးအစပ် ဥသျှစ်ပင်-တောင်ကုတ်ရိုးလမ်းပေါ်ရှိ ပန်းကန်ကွဲစခန်းကိုလည်း ယမန်နေ့တွင်ပင် AA ဦးဆောင်သည့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါစခန်းမှလည်း လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းအများကိုလည်း သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား ၁၀ကျော်ကိုလည်း အရှင်ဖမ်းမိထားသည်ဟု ဥသျှစ်ပင်မှမြေပြင်စစ်ရေးသတင်းအရင်းအမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မိုးထိတောင်စခန်းတောင်ကဆင်းလာရင် ညောင်ကျိုးနဲ့ချင်းကုန်းကိုမရောက်ခင်ကြားမှာ အင်အား၂၀၀ နဲ့ တည်ဆောက်ထားတဲ့ ပန်းကန်ကွဲစခန်းရှိတယ်။ အခုအဲဒီစခန်းကိုသိမ်းတာပါ။လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေရတယ်။ ဖမ်းမိတာကတော့ လက်ရှိ အယောက် ၁၀ကျော်လောက်ပဲ။ ကျန်တဲ့သူတွေက ထွက်ပြေးနေကြတယ်" ဟုပြောသည်။
ပန်းကန်ကွဲစခန်းမှ တပ်ဆုပ်လာသည့်စစ်ကောင်စီတပ်သားများမှာ အမြောက်လက်နက်တပ်ဆင်ထားသည့် ညောင်ကျိုးနှင့် ချင်းကုန်းစခန်းဖက်သို့ နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်စခန်းများသိမ်းပိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
AA ၏ ထိုးစစ်သည် စစ်ကောင်စီစခန်းရှိသည့်နေရာများသို့ရပ်တန့်မသွားဘဲ ဆက်လက်တိုက်ခိုက်လာနိုင်ပြီး စစ်စခန်းပေါင်း၊စခန်းဂိတ်ဗျူဟာများကိုလည်း တခုပြီးတခုပြီး သိမ်းပိုက်လာနိုင်ကြောင်းမြေပြင်စစ်ရေးသတင်းစောင့်ကြည့်နေသူများကသုံးသပ်ပြောဆိုနေကြသည်။
စစ်ကောင်စီသည် ရိုးတိုက်ပွဲအတွင်းတွင် တပ်မ(၉၉)၊ တပ်မ(၈၈)အပါအဝင် ပြည်မဖက်မှ ပြည်သူ့စစ်မှုထမ်းမြောက်များစွာကို အသုံးပြုထားပြီး လက်နက်ခဲယမ်းများလည်း အင်အားဖြည့်ထားကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk