နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉/၂၀၂၅
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့တွင် စစ်ဘေးရှောင်နေသူ ရခိုင်ပြည်၊ ဂွမြို့နယ်မှ ဒေသခံ ၅ ဦးကို ယနေ့ဖေဖော်ဝါရီ ၁၉ ရက် ည ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ဂွမြို့နယ် ဆပ်သွားအလယ်ရွာမှ ဦးသိန်းဦး၊ ညောင်ချောင်းကျေးရွာက ဦးအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာမှ ကိုညီလေး၊ ဆပ်သွားတိုက်နယ်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင် ဦးချမ်းငြိမ်းအောင်နှင့် ချိုင်ကောက်ရွာမှ ကိုမိုးထက်ကျော်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ ဖမ်းတာက စစ်ဘေးရှောင်တွေနေအိမ်တွေက ဝင်ဖမ်းသွားတာ။ ဒီနေ့ ညအချိန် ၂ နာရီပေါ့။ အရုဏ်မလာမီအချိန်ပေါ့။ဝင်ဖမ်းတာ။ ကြားရတာက အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးသွားတယ်လို့ ကြားရပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် သူတို့ ၅ ဦးအား ရေကြည်မြို့ ရဲအချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကာ မိသားစုများအနေဖြင့် ၎င်းတို့ ၅ ဦး ညှဉ်းပမ်းနှိပ်စက်ခံရမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။
ဧရာ၀တီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်များအား စစ်ကောင်စီက အနီးကပ်စောင့်ကြည့်ကာ ဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံရသူများအထဲက လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသားအဖြစ် စုဆောင်းကာ သင်တန်းများသို့ ပို့လွှတ်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။
“ ဒီမှာက အေအေနဲ့ တိုက်ပွဲတွေဖြစ်နေတော့ ရခိုင်ဆိုရင် အေအေလို့ သတ်မှတ်ပြီး ဖမ်းဆီး စစ်ဆေးတာတွေရှိနေတယ်။ လူငယ်တချို့ကိုတော့ စစ်မှုထမ်းဖို့ ခေါ်သွားတယ်လို့ သိရတယ်။ ရခိုင်မှန်သမျှ စစ်ကောင်စီ ထောက်လှမ်းရေးနဲ့ ရဲက အနီးကပ်စောင့်ကြည့်နေတယ်။ တိုက်ပွဲကလည်း ငသိုင်းချောင်းမြို့အနီးမှာထိ ဖြစ်လာတော့ စစ်တပ်က အရမ်းစိုးရိမ် ကြောက်လန့်နေပုံရပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတိုက်ပွဲများမှာ အမြောက်တပ် (၃၄၄) နှင့် မိတ်သလင်အကြားတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး အဆိုပါနေရာများမှာ ၃၄၄ တပ်ရင်းနှင့် ၅ မိုင်ခန့် ပတ်လည်နေရာများဖြစ်ကြောင်း သိရသည်။
စာဥစမ်းနှင့် မိတ်သလင်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီက အကျအဆုံးများပြီး အဆိုပါ နေရာများ အနီးဝန်းကျင်ကို စစ်ကောင်စီက လေယာဉ်များ၊ စက်တပ်လေထီးများကိုပါ အသုံးပြု၍ တိုက်ခိုက်ပေးခဲ့ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။