Preview

ရခိုင်တွင် "ပန်းအိမ်လှည်း"ခေါ် ရာသီပေါ် ကိုင်းရိုးတံမြက်စည်းများ ဝယ်ယူသုံးစွဲမှုများနေ

ကံ့ကော်နီနီ | ဖေဖော်ဝါရီ ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :1666
ရခိုင် သတင်း

နိရဉ္စရာ ၊ ဖေဖော်ဝါရီ ၁၉ / ၂၀၂၅

"ပန်းအိမ်လှည်း"ဟု ရခိုင်ဒေသတွင်ခေါ်သည့် ကိုင်းရိုးတံမြက်စည်းများကို ဝယ်ယူသုံးစွဲမှုများလာကြ၍ အဆိုပါ တံမြက်စည်းလုပ်ကိုင်ရောင်းချသူများ စားဝတ်နေရေးအဆင်ပြေနေကြောင်း သိရသည်။

လက်ရှိ ရခိုင်ဈေးကွက်တွင် ပြည်မဘက်မှလာသည့် ဖိုင်ဘာရိုးတပ်ကော် တံမြက်စည်းတစ်ချောင်းကို ၁၅၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ရှိနေပြီး ရခိုင်ဒေသလုပ် ကိုင်းရိုးတံမြက်စည်းတစ်ချောင်းမှာ အများဆုံး ၂၅၀၀ ကျပ်သာရှိသည်။

ရခိုင်တွင် အခြေခံစားသောက်ကုန်များအပြင် ပြည်မထုတ် ဖိုင်ဘာနှင့်ပလတ်စတစ် အိမ်အသုံးဆောင်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။

ယင်းအတွက် ဈေးနှုန်းလည်းသက်သာသည့် နွေဦးရာသီဒေသထွက် ကိုင်းရိုးဖြင့်ပြုလုပ်သော တံမြက် စည်းများကို ဒေသခံများ ဝယ်ယူသုံးစွဲမှုများလာကြောင်း အိမ်သုံးပစ္စည်းရောင်းချနေသည့် ဆိုင်ပိုင်ရှင်များက ပြောသည်။

ရခိုင်မှအိမ်သုံးပစ္စည်းရောင်းချနေသည့် အမျိုးသမီးတစ်ဦးက "ဒေသထွက် တံမြက်စည်းက ပလတ်စတစ်တွေနဲ့စာရင် ဈေးလည်းသက်သာတော့ ဝယ်ယူတာများပါတယ်။ တံမြက်စည်းတစ်ချောင်းကို သောင်းဂဏန်းကျော်အထိ ပေးမဝယ်နိုင်သူတွေလည်း ရှိတယ်လေ။ အားလုံးက ကျပ်တည်းနေကြတာ။ အဲဒါကြောင့် ဈေးပေါတဲ့ ဒေသထွက်တံမြက်စည်းကို ဝယ်ယူတာများပါတယ်"ဟု ပြောသည်။

ယခုကဲ့သို့ ကိုင်းရိုးတံမြက်စည်းမှာ ပြည်မထုတ် ပလတ်စတစ်တံမြက်စည်းများလိုမဟုတ်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလည်း မရှိသည့်အတွက် ပိုမိုသုံးစွဲသင့်သည်ဟုလည်း ဒေသခံများက ပြောသည်။

ထိုသို့ ရာသီပေါ်ကိုင်းရိုးတံမြက်စည်းများကို ဝယ်ယူအသုံးပြုသူများလာ၍ ပြုလုပ်ရောင်းချသည့်ဒေသခံတချို့မှာလည်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းလာနိုင်ကြောင်း သိရသည်။

ပြုလုပ်ရောင်းချသည့်ဒေသခံများသည် ကိုင်းရိုး တံမြက်စည်းတစ်ခုကို ဖောက်သည်ဈေး ၁၀၀၀ ကျပ်ဖြင့် အရောင်းဆိုင်များထံ ရောင်းချနေရပြီး တစ်နေ့ဝင်ငွေ အနည်း ၂၀၀၀၀ ကျပ်ကျော်ခန့်ရရှိနေကြောင်း ကိုယ်တိုင် တောထဲသွား၍ ကိုင်းရိုးရှာဖွေနေသည့် ကျောက်တော်မြို့နယ်မှ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကိုင်းရိုးရှာဖွေပြီး တံမြက်စည်းများအဖြစ် ပြုလုပ်ရောင်းချနိုင်၍ တစ်နေ့တာမိသားစုစားဝတ်နေရေးကို တစ်ဘက်တစ်လမ်းကဖြေရှင်းနိုင်သော်လည်း တောတောင်များတွင် နှစ်ရှည်လများကကျန်ရှိနေသည့် မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ရကြောင်း သူက ပြောသည်။

"မိသားစုစားဝတ်နေရေးအတွက်မသွားလို့မဖြစ်ဘူး။ တောထဲသွားရင် မိုင်းအန္တရာယ်ကကြောက်ရတယ်။ မိုင်းကို မျက်စိနဲ့မြင်ရနိုင်တာလည်းမဟုတ်တော့ မိုင်းရှိနေမှာကို စိုးရတယ်" ဟု ပြောသည်။

ရခိုင်ဒေသတောတောင်များတွင် သဘာဝအလျောက်ပေါက်ရောက်တတ်သော ကိုင်းရိုးတံများသည် ဖေဖော်ဝါရီလမှ ဧပြီလအထိ ထွက်လေ့ရှိကြောင်း သိရသည်။

#လူမှုရေးရာ#သဘာဝပတ်ဝန်းကျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.