နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂ဝ/၂၀၂၅
ရခိုင်ပြည်၊ စစ်တွေမြို့ အကျဉ်းထောင်ထဲရှိ နှစ်ရှည် ထောင်ဒဏ်ကျနေသူများအပါအဝင် ရဲအချုပ်ခန်းများမှ အချုပ်သားများကို စစ်မှုထမ်းရန် စစ်ကောင်စီက စည်းရုံးခေါ်ဆိုမှုများရှိနေကြောင်း သတင်းရရှိသည်။
စစ်တွေအကျဉ်းထောင်ထဲတွင် နှစ်ရှည်လများ ထောက်ဒဏ်ချခံထားရသည့် အကျဉ်းသားများနှင့် ရဲစခန်း အချုပ်ခန်းများထဲမှ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို စစ်မှုထမ်းရန် ဇန်နဝါရီလအတွင်းကနေစတင်ပြီး ထောင်ဝန်ထမ်းနှင့် ရဲများက စစ်မှုထမ်းရန် စည်းရုံးနေသည်ဟု ထောင်တွင်းနှင့် အဆက်အသွယ်ရှိသည့်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အဓိက ထောင်ဒဏ် ၁၀ နှစ်၊ အနှစ် ၂၀ ချမှတ်ခံထားရသူတွေ၊ တချို့က ထောင်ထဲမှာနေရင် သေဒဏ် ပါနိုင်တဲ့သူတွေ၊ ဒီလူတွေကို စစ်မှုထမ်းရင်လွတ်နိုင်တယ်လို့ဆိုပြီး စည်းရုံးတယ်။ အချုပ်သားတွေကိုလည်း ရဲတွေက အမှုဖွင့်တာတို့၊ အမိန့်ချတာတို့ဆိုရင် ကြာနိုင်တယ်။ အခုစစ်မှုသာ ထမ်းရင် လွတ်ကောင်း လွတ်နိုင်တယ်လို့ ပြောတာတွေရှိနေတယ်။ သူတို့ အတင်းမခေါ်ဘူး။ စည်းရုံးပြီး ခေါ်တာပေါ့နော်" ဟု ပြောသည်။
စစ်ကောင်စီက စစ်ရေးတွင် အဖက်ဖက်မှ စစ်အင်အားဆုတ်ယုတ်လာသည့်အတွက် စစ်တွေတိုက်ပွဲ၌အသုံးပြုရန် ယခုကဲ့သို့ တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသည့် အကျဉ်းသားများကို မြေစာပင်အဖြစ် အသုံးချရန် စီစဉ်နေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူ ရခိုင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်တပ်ဖက်က ဘယ်လောက်ပဲ အင်အားတိုးတိုး၊ စစ်ဖက်ရေးရာမှာအသုံးပြုနေပါစေ။ ၄၅ ရက်တာ သင်တန်းပေးထားတဲ့သူတွေက ဘယ်လိုမှတိုက်ခိုက်နိုင်စွမ်းမရှိဘူး။ အခုလည်း အကျဉ်းသားတွေကို စည်းရုံးနေတာက မြေစာပင်အဖြစ်အသုံးချဖို့လို့ပဲမြင်တယ်" ဟု ပြောသည်။
စစ်တွေအကျဉ်းထောင်ထဲတွင် ဘူးသီးတောင်အကျဉ်းထောင်မှ ရွှေ့ပြောင်းထားသည့် အကျဉ်းသားများလည်း ပါဝင်သည်ဟု သိရသည်။
အကျဉ်းသားများမှာလည်း မိသားစုများနှင့် အဆက်အသွယ်မရ၍ သူတို့၏ ကျန်းမာရေး၊ ဆေးဝါး ချို့တဲ့မှုများရှိနိုင်၍ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် စိုးရိမ်နေသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက စစ်တွေမြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်ကျေးရွာများမှာ လူငယ်၊ လူလတ်ပိုင်းအရွယ်များကို ၂၀၂၃ ခုနှစ်၊ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ မတရားဖမ်းဆီးမှုရှိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူအချို့မှာ ပုဒ်မအမျိုးမျိုးဖြင့် အမိန့်ချခံရပြီး တချို့လူငယ်ပိုင်းအရွယ်များမှာ စစ်ကြောရေးသို့ခေါ်ဆောင်ခံရကာ အများစုမှာ အဆက်အသွယ်မရဘဲ ယနေ့အထိပျောက်ဆုံးနေကြောင်း သိရသည်။
စစ်တွေထောင်အပါအဝင် စစ်တွေမြို့မရဲစခန်းနှင့် ကျန်ရဲစခန်းများ၏ အချုပ်များထဲတွင်လည်း အချုပ်သားထောင်နှင့်ချီရှိပြီး တချို့ကိုငွေကြေးယူ၍ ရဲက ပြန်လွှတ်ပေးသလို တချို့မှာ လက်ရှိအချိန်ထိ အမှုဖွင့်ဆိုခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း သိရသည်။
လက်ရှိစစ်တွေမြို့ပြင်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီဖက်က အထိနာနေပြီး အကျအဆုံးများနေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - စစ်တွေအကျဉ်းထောင်အား တွေ့ရစဉ်။ (ပုံဟောင်း)