ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄ / ၂၀၂၅
ရခိုင်ရိုးမဧရိယာနှင့် ဆက်စပ်သည့်နေရာများအတွင်း သုံးနှစ်တိတိ သစ်မထုတ်ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA /AA)က တားမြစ်ထားကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်မှ စတင်ကာ ၂ဝ၂၇ ခုနှစ်အထိ သုံးနှစ်တိတိ ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ULA/AA နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ထိုကဲ့သို့ ပိတ်ပင်တားမြစ်ထားသော်လည်း သစ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရန် ယခင်ကပင် ခုတ်လှဲပြီးသား သစ်များကိုမူ ရောင်းချခွင့်ပြုထားသည်ဟု ULA/ AA နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ULA / AA က ရခိုင်ပြည်နဲ့ ဆက်စပ်ဧရိယာတွေမှာ သုံးနှစ်တိတိ သစ်ထုတ်မှုလုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ ဒါပေမဲ့ အရင်နှစ်တွေက ခုတ်ထားတဲ့သစ်တွေကို သစ်လုပ်တဲ့သူတွေကို ထောက်ထားတဲ့အနေနဲ့ အဲဒါတွေကိုတော့ ထုတ်ခွင့်ပြုလိုက်ပါတယ်။ ဆက်လက်ပြီးတော့ ခုတ်လှဲခွင့်ကတော့ မပေးတော့ဘူး" ဟု ပြောသည်။
ထို့အပြင် ပုဂ္ဂလိက သစ်စိုက်ပျိုးထားသူများအနေဖြင့်လည်း သစ်ထုတ်လုပ်မည်ဆိုလျှင်လည်း ULA / AA နှင့် ညှိနှိုင်းပြီးမှသာ ထုတ်ယူနိုင်မည်ဟု ဆိုသည်။
ယခုကဲ့သို့ သစ်ထုတ်လုပ်မှုကို ကန့်သတ်လိုက်သည့်အတွက် သစ်တောများ ပြန်လည်စည်ပင်လာပြီး သားရဲတိရစ္ဆာန်များလည်း ပေါများလာနိုင်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကိုလည်း ထိန်းသိမ်းလာနိုင်သည်ဟု ဩစတေးလျနိုင်ငံတွင် သဘာဝပတ်ဝန်ကျင်နှင့်ပတ်သက်ပြီး အထူးပြုလေ့လာနေသူ ကိုခိုင်မင်းသန့်က နိရဉ္စရာကို ပြောသည်။
"သဘာဝသစ်ပင်တွေ ပြန်လည်ပေါက်ရောက်ဖို့အတွက် အထောက်အကူပြုပါတယ်။ သစ်တောတွေကို မှီခိုပြီးတော့ သားရဲတိရစ္ဆာန်တွေလည်း ပြန်လည်ရောက်လာနိုင်တယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို ထိန်းသိမ်းလာနိုင်တယ်။ ဒီလိုမျိုး ထိန်းသိမ်းလာနိုင်တဲ့အတွက် သဘာဝဆိုးကျိုးတွေ လျော့ကျလာနိုင်တယ်" ဟု ပြောသည်။
ထို့အပြင် သစ်ထုတ်လုပ်မှုကို ထိန်းသိမ်းသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများလည်း အားကောင်းလာနိုင်သလို ရေကြီးရေလျှံဖြစ်ပြီး မြေပြိုကျမှုများကိုလည်း ထိန်းသိမ်းလာနိုင်သည်ဟု သူက ဆက်ပြောသည်။
ရခိုင်တွင် ယခင်အစိုးရအဆက်အဆက်က ရခိုင်ရိုးမမှသစ်တောများကို စီးပွားရေးသမား ခရိုနီများနှင့် လက်ဝါးချင်းရိုက်ကာ သစ်ခိုးထုတ်ခွင့်ပေးခဲ့သည့်အတွက် သစ်တောပြုန်းတီးမှု ဆိုးဝါးစွာဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။
ယင်းသို့ သစ်တောပြုန်းတီးမှုဂယက်ကြောင့် ရခိုင်တွင် မိုးရာသီအတွင်း နှစ်စဉ်လိုလို ရေကြီးရေလျှံဖြစ်ပြီး တောင်မြေများပြိုကာ သဘာဝဘေးအန္တရာယ်များကို ရခိုင်ပြည်သူတို့ ရင်ဆိုင်နေကြရသည်။
တရားမဝင် သစ်ခိုးထုတ်မှု ဖမ်းဆီးရမိသည့် မြို့နယ်များမှာ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များဖြစ်ကြသည်။
ယင်းအနက် ရခိုင်ရိုးမနှင့်ဆက်စပ်နေသည့် တောင်ကုတ်မြို့နယ်သည် သစ်ခိုးထုတ်မှုအများဆုံး မြို့နယ်တစ်ခုဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှ တရားမဝင်သစ်များကို တစ်ဖက် ဘင်္ဂလားဒေ့ရှ်သို့ အများဆုံးတင်ပို့ကြကြောင်း သိရသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် သူ့နိုင်ငံအတွင်း သစ်ခုတ်လှဲခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး မြန်မာမှ တရားမဝင်တင်သွင်းသော သစ်များကို ဈေးပေါပေါဖြင့် အများဆုံးဝယ်ယူအသုံးပြုသည့် နိုင်ငံဖြစ်သည်။
ဓာတ်ပုံ - သစ်ထုတ်လုပ်မှုမြင်ကွင်းတစ်ခုအား တွေ့ရစဉ်။ (Photo – Internet)