Preview

ကျောက်ဖြူမြို့အခြေစိုက်အမှတ်(၃၂)ရဲတပ်ရင်းနှင့် ဓည၀တီရေတပ်ကာကင်းစခန်းတစ်ခုကို AA က တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :3570
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၅

တရုတ်စီမံကိန်းကြီးများတည်ရှိရာရခိုင်ပြည်၊ကျောက်ဖြူမြို့အခြေစိုက် အမှတ်(၃၂)ရဲတပ်ရင်းနဲ့ ဓည၀တီရေတပ် ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် (AA)တစ်ပြိုင်တည်းထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

အမှတ်(၃၂)ရဲတပ်ရင်းကိုယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့လယ်ကတည်းကစတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ၃၂ရဲတပ်ရင်းကိုလည်း စလို့တိုက်နေပြီ။ တိုက်ပွဲက နေ့လယ်ကနေညအချိန်ထိဖြစ်ခဲ့တယ်။ ရေတပ်ဌာနချုပ်အနားက စစ်ကောင်စီနေရာယူထားတဲ့စည်မော်ရွာအနားက ကာကင်းစခန်းလည်း တိုက်ခိုက်ခံရတာ။ တိုက်ပွဲတွေကအတော်ပြင်းတယ်။ညနေပိုင်းအထိ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေရှိခဲ့တယ်" ဟု ပြောသည်။

လက်ရှိ တိုက်ပွဲအခြေအနေကို တစ်စုံတစ်ရာ မသိရသေးသော်လည်း စစ်ကောင်စီတပ်သား ၂၀ ခန့် ဖမ်းမိသည်ဟု ကြားသိရကြောင်း ၎င်းကပြောကြားသည်။

"တိုက်ပွဲအတွင်းမှာဖမ်းမိတာ။ အမှတ် (၃၂)ရော၊ ကာကင်းစခန်းကရော စုစု‌ပေါင်း ၂၀ လောက်ရှိတယ်။လက်နက်တွေလည်း ပါတယ်။ ဗိုလ်အဆင့်တွေလည်း ပါတယ်ကြားတယ်" ဟု ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားအချို့လည်း ကစဉ့်ကလျားထွက်ပြေးမှုများရှိနေကြောင်းလည်း သိရသည်။

အမှတ်(၃၂)ရဲတပ်ရင်းနှင့် စည်မော်ကျေးရွာအနီးမှ စစ်ကောင်စီကာကင်းစခန်းတို့ကိုတိုက်ခိုက်ခဲ့သည့်တိုက်ပွဲမှာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင်ဒရုန်းများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သူက ပြောသည်။

ယင်းအပြင်စစ်ကောင်စီဖက်မှ လေကြောင်းနှင့် ပင်လယ်ပြင်ရှိ နေဗီများကလည်းလက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံတချို့ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရသူများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာကအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ကျောက်ဖြူနယ်ရှိ စစ်ကောင်စီတပ်သားများဝင်ရောက်နေရာ ယူထားရဲတပ်ရင်း (၃၂)မှ စစ်ကြောင်းတစ်ခုကို AA က ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျောက်ဖြူမှ အကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ်ကို AA က ဆက်လက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ နေ့စဉ်ဆိုသလို ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ရင်း ခလရ (၃၄)တွင် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှစပြီးစစ်ကောင်စီ၏ ဒရုန်းဗုံးများ၊ တပ်ရင်းများမှ လက်နက်ကြီးများ၊ နေဗီများမှလက်နက်ကြီးများဖြင့် ရေတပ်အနီးရှိ ကျေးရွာများကို အဆက်မပြတ်ပစ်ခတ်နေပြီးလေယာဉ်များဖြင့်လည်းဗုံးကြဲမှုများရှိကြောင်း သိရသည်။

#စစ်ရေး#အေအေ#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.