သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ရှောက်ချောင်းကျေးရွာကို စစ်ကောင်စီလေတပ်မှဖေဖော်ဝါရီ၂၇ ရက် နံနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲပြီး ညနေပိုင်းတွင် မြေပြင်တပ်ကဝင်ရောက်မီးရှို့၍ တစ်ရွာလုံးနီးပါးမီးလောင်ပြာကျသွားကြောင်း ဒေသခံများကပြောကြားသည်။
ဒေသသတင်းရင်းမြစ်တစ်ဦးက " မနက်ပိုင်း ရှောက်ချောင်းရွာတွေကိုဗုံးကြဲတယ်။ ညနေပိုင်း မီးတိုက်တယ်။ ဗုံးကြဲတုန်းကလည်း ရွာသားတွေထွက်ပြေးကြတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်။ ဗုံးကြဲပီးတာနဲ့ညနေပိုင်းမှာ ဓညဝတီရေတပ်ဌာနချုပ်မှစစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာကိုမီးရှို့ဖျက်ဆီးသွားတယ်” ဟု ပြောသည်။
ရှောက်ချောင်းကျေးရွာတွင်အိမ်ခြေ (၈၀)ခန့်ရှိပြီးအကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက် မီးရှို့မှုကြောင့် အိမ် ၂ ဆောင်သာ ကျန်ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
“ ရွာသားတွေပြန်ဝင်လာမှာကိုစိုးပြီး မီးတိုက်ပစ်လိုက်တယ်။ သိရသလောက်တစ်ရွာလုံးမှာ ၂ ဆောင်ဘဲကျန်တယ်။တစ်အိမ်ချင်း မီးရှို့သွားတာလေ " ဟုပြောသည်။
အာရက္ခတပ်တော်(AA) က ဓညဝတီရေတပ်ဌာနချုပ်အားတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအရာရှိကြီးများ ထိခိုက်မှုများရှိသွားသဖြင့် အငြိုးအတေးဖြင့် ဓည၀တီရေတပ်ဌာနချုပ်အနီးတွင်တည်ရှိသည့် ကျေးရွာများကို လေကြောင်းမှဗုံးကြဲခြင်းများကိုဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ရှောက်ချောင်းရွာကို မြေပြင်တပ်က ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံစစ်ပွဲအခြေအနေများကို စောင့်ကြည့်နေသူ တစ်ဦးက နိရဉ္စရာကိုပြောသည်။
" သူတို့ မထင်မှတ်ပဲတိုက်ခိုက်ခံရလို့ အကောင်ကြီးတွေ အထိနာသွားတော့ ဒေသခံတွေကို အငြိုးထားပြီး တိုက်ခိုက်နေတယ်။ဒေသခံတွေကတိုက်ပွဲနဲ့ ဘာမှ မဆိုင်ဘူးလေ" ဟု ပြောသည်။
ယခင်တိုက်ပွဲမဖြစ်ခင်ကလည်း ဓညဝတီရေတပ်ဌာနချုပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်မကြာခဏ စစ်ကြောင်းထိုးကာရှောက်ချောင်းကျေးရွာအားဧည့်စာရင်းအကြောင်းပြကာ ဝင်စစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှောင်ချောင်းရွာအား လေကြောင်းက ဗုံးကြဲပြီး မီးရှို့ရခြင်း၏ နောက်ကွယ်က အကြောင်းအရင်းမှာ ရခိုင်ကျေးရွာဖြစ်ပြီး AA ကို ထောက်ခံသည့် ကျေးရွာဟု ယူဆကာ ပြုလုပ်ပုံရသည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ယင်းအပြင်ရေတပ်စခန်းဧရိယာထဲတွင်ပါဝင်သည့် ရွာနှစ်ရွာမှာ အိမ်ခြေ (၁၀၀)ကျော်ခန့်ရှိသည့် စစ်တောကျေးရွာနှင့် အိမ်ခြေ (၁၀၀) ခန့်ရှိသည့်သစ်ပုတ်တောင်ကျေးရွာတို့လည်း ပိတ်လှောင်ခံထားရကြောင်း သိရသည်။
ဓညဝတီရေတပ်စခန်းအနီးတွင်စစ်တောနှင့် သစ်ပုတ်တောင်ကျေးရွာအပါအဝင် စိန်ခြုံ၊ ရှောက်ချောင်း၊ကပ်သပြေ၊ ပျားတဲ၊ ကြတ္တိန်၊ စည်မော်၊ ဦးကင်းနှင့် ကြံချိုင်စသည့်ကျေးရွာများရှိကြသည်ဟု သိရသည်။
အဆိုပါ ကျေးရွာများအထဲကတချို့ကျေးရွာများကိုဖေဖော်ဝါရီ ၂၇ ရက်နေ့ညနေပိုင်းက စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည် ။
ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း စိုင်ခြုံရွာဖက်မှ ရှောက်ချောင်းကျေးရွာသို့ဆိုင်ကယ်နှင့် လာသည် ဒေသခံ ၃ ဦးကိုရွာအနီးတွင်ကင်းပုန်းဝပ်နေသည့် ဓညဝတီရေတပ်စခန်းမှ စစ်ကြောင်းက ခြုံခိုပစ်ခတ်ခဲ့၍ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ပုံစာ- ကျောက်ဖြူမြို့နယ် စနဲမြို့ကို မေလ ၈ ရက်နေ့က စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ မီးလောင်ပျက်စီးခဲ့ရသည့် ပုံဖြစ်ပါသည်။