နောင်မင်းသူ၊ နိရဉ္စရာ၊ မတ်လ ၁ /၂၀၂၅
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့်မောင်တောကျီးကန်းပြင်ဌာနချုပ်ကို စစ်ကောင်စီထံ ဗုံးကြဲခံရမှုကြောင့် စစ်သုံးပန်းအကျဥ်းသား ၃၀ ကျော်သေဆုံးခဲ့ရပြီး ၁၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
"ကျွန်တော်တို့သိရတာက စစ်သုံးပန်းအကျဉ်း ၃၂ ဦးသေဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူ ၁၀ ကျော်ရှိတယ်လို့တော့ သိရတယ်။ တပ်တော်ကလည်း သတင်းထုတ်ပြန်လာပါလိမ့်မယ်ထင်ပါတယ်"ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။.
မောင်တောမြို့နယ်မြောက်ပိုင်း နယ်ခြားစောင့်စခန်းဟောင်းကျီးကန်းပြင်ဌာနချုပ်အား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညသန်ခေါင်အချိန် ၌ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးလာရောက်ကြဲချခဲ့ရာ စစ်သုံးပန်းများ ထားရှိရာ အဆောင်များတွင်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပြောသည်။
"ဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA ကစစ်ဆေးဖို့ ကျီးကန်းပြင်ဌာနချုပ်ကိုခေါ်ယူထားတယ်လို့ သိရတယ်။ အဲဒီသတင်း ပေါက်ကြားသွားတာဖြစ်နိုင်တယ်။ အဲဒါကြောင့် စစ်ကောင်စီက နှုတ်ပိတ်ဖို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်နိုင်တယ်"ဟုပြောဆိုသည်။
ထိုသို့ သတင်းရင်းမြစ်တစ်ဦးက ဗိုလ်မှူးချုပ်သူရိန်ထွန်းအကြောင်းနှင့်ပတ်သက်ပြီး ပြောဆိုသော်လည်း ဟုတ်/မဟုတ်ကို နိရဉ္စရာသတင်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
လက်ရှိ၌ ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ် လေကြောင်းမှတိုက်ခိုက်ခံရပြီး စစ်သုံးပန်းအကျဉ်းသားများသေဆုံး၊ဒဏ်ရာရရှိမူအား အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား အဆိုပါသတင်းအား မေးမြန်းနေဆဲဖြစ်ပါသည်။
ဓာတ်ပုံ- ဗုံးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ကျီးကန်းပြင်ဌာနချုပ်ဟောင်းမှ အဆောက်အဦတချို့ (APM)