နိရဉ္စရာ၊ မတ် ၃/ ၂၀၂၅
အာရက္ခပြည်သူ့ အစိုးရမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရခိုင်ပြည်မှ AA သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေများတွင် မီးသတ်ဌာနများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “ မီးသတ်တပ်ဖွဲ့က လာပြီး ဟောပြောနေတာ၊ စာရွက်စာတန်းတွေဖြန့်ဝေတာ၊ ကိုယ်တိုင် မီးဘေးကာကွယ်ရေးအတွက် သရုပ်ပြတာတွေ လုပ်နေတာ တစ်လကျော်လောက်ရှိနေပါပြီ။ သူတို့က အိမ်တိုင်ရာရောက် လာရောက် အသိပေး ပြောဆိုမှုတွေလည်း ရှိပါတယ်”ဟု ပြောကြားသည်။
ရခိုင်ပြည်၏ မြို့နှင့် ကျေးရွာအချို့တွင် နွေရာသီရောက်တိုင်း မီးလောင်မှုများဖြစ်ပွားလေ့ရှိပြီး အများစုမီးမှာ ပေါ့ဆမှုကြောင့် ဖြစ်ပွားသဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အာရက္ခပြည်သူ့အစိုးရ မီးသတ်ဌာနမှ ပညာပေး ဟောပြောမှုများကို ပြုလုပ်နေခြင်းဖြစ်သည်။
၎င်းပြင် နွေရာသီရောက်လာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် ရခိုင်ရှိ မြို့ရွာရပ်ကွက်များအတွင်း စက်သုံးဆီအများအပြား သိုလှောင်ရောင်းချခြင်းကို အာရက္ခပြည်သူ့ အစိုးရက ကန့်သတ်ထားကြောင်း သတင်းရရှိသည်။
ဒေသခံတစ်ဦးက “လူနေရပ်ကွက် မြို့ရွာအတွင်း စက်သုံးဆီရောင်းချသူတွေအနေနဲ့ နေအိမ်တွေနဲ့ ဆိုင်တွေမှာ ဓာတ်ဆီဆိုရင် ဂါလံ ၂၀ ထက်မသိုလှောင်ဖို့နဲ့ ဒီဇယ်ဆီဆိုလျှင် ဂါလံ ၃၀ ထက်ပိုပြီးမသိုလှောင်ကြဖို့ကန့်သတ် အမိန့်ထုတ်ပါတယ်။ အဓိကတော့ လူနေရပ်ကွက်တွေဆို မီးအန္တရာယ်ရှိလို့အမိန့်ထုတ် တားမြစ်တာလို့ သိရပါတယ်” ဟု ပြောကြားသည်။
၎င်းကန့်သတ်အမိန့်ကို အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများတွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မကျရောက်စေရေး စက်သုံးဆီများကိုအကန့်အသတ်ဖြင့်သာသိုလှောင်ရောင်းချကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
သတ်မှတ်ထားသည့် စက်သုံးဆီ ပမာဏထက် ပို၍သိုလှောင်ပါက အရေးယူခံရမည်ဟုလည်း AA ကအသိပေးထားကြောင်း သိရသည်။
အာရက္ခတပ်တော် (AA)သည် ပလက်၀အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့နယ်တိုင်းတွင် မီးသတ်ဌာနများဖွဲ့စည်းပြီး မီးဘေးအန္တရာယ် ကာကွယ်ရန် နှိုးဆော်တိုက်တွန်းမှုများကို အင်တိုက်အားတိုက်ပြုလုပ်နေကြောင်း သိရှိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ရှိ သူတို့ အုပ်ချုပ်ရေးချထားသည့် မြို့နယ်တိုင်းတွင် ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ တရားရေးဌာများအပါအဝင် အုပ်ချုပ်ရေးဌာနများကို အခိုင်အမာတည်ဆောက်နေပြီး ထိုအထဲတွင် မီးသတ်ဌာနလည်း ပါဝင်ကြောင်း သိရှိရသည်။
(ဓာတ်ပုံ- Arakan Princess Media)